ငွေဆောင်၊  ၃၀  ဇန်နဝါရီ

 

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ငွေဆောင်မြို့ ဆင်မကျေးရွာရှိ ငရုတ်ကောင်း - ငွေဆောင် -ချောင်းသာ - လမ်းပိုင်းရှိ ရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ဆက်သွယ်မည့် (ကမ်းခြေပတ်လမ်း) ဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

 

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဦးရန်နိုင်ဇော်၊ ညွှန်ကြားရေးမှူး (မြို့ပြ) က ဧရာဝတီတိုင်း ဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ဆက်သွယ်မည့် ငရုတ်ကောင်း - ငွေဆောင် - ချောင်းသာ -  ရွှေသောင်ယံ - မကျီးဇင် (ကမ်းခြေပတ်လမ်း) ဖောက်လုပ်နေမှု၊ ကမ်းခြေပတ်လမ်းနှင့် ပတ်သတ်သည့်အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့သည်။

 

 

ထို့နောက် ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ မိမိတို့ တိုင်းဒေသကြီးသည် ကမ်းခြေအရှည်မိုင် ၂၉၀ ကျော်ခန့်နှင့် ချောင်းသာ - ငွေဆောင်ကဲ့သို့ နာမည်ကျော်ကမ်းခြေ အပန်းဖြေနေရာများကို ပိုင်ဆိုင်လျက်ရှိပြီး အချို့ကမ်းခြေများမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့် ခရီးသွားပြည်သူများ ရောက်ရှိမှု နည်းပါးလျက်ရှိကြောင်း၊ အစိုးရသစ်သက်တမ်းတွင် ဖောက်လုပ်လျက်ရှိသည့် (ကမ်းခြေပတ်လမ်း-Coastal Road) ပြီးစီးပါက ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်သို့ သွားလာရေး အဆင်ပြေ ချောမွေ့လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနအနေဖြင့် လမ်းဖွံ့ဖြိုးရေးကဏ္ဍအား ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ပံ့ပိုးဆောင်ရွက်လျက် ရှိကြောင်း၊ ယခုလမ်းအားလည်း ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ရေရှည်ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

 

 

အဆိုပါကမ်း​ခြေပတ်လမ်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့အထိ (၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ) ရှည်သောလမ်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဘက်အပိုင်းတွင်လမ်းအရှည် (၈၆ မိုင် ၂ ဒသမ ၅ ဖာလုံ) ခန့် ရှည်ကြောင်း သိရသည်။

 

 

လုပ်ငန်းများပြီးစီးပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်ပေါက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

 

မူမူသွင်(ပြန်/ဆက်)