ပုဂံ၊  ၃၀  ဇန်နဝါရီ   

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပုဂံမြို့သစ်ဈေးကြီး၌ မီးဘေးလုံခြုံစိတ်ချရမှု ရှိစေရန်နှင့် ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မီးဘေးကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ် ဦးစီးမှူး ဦးထက်အောင်က မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်အချက်များ၊ လျှပ်စစ်မီး သုံးစွဲရာတွင် မီးဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျ ကိုင်တွယ်အသုံးပြုရန်အချက်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ပါက မီးသတ်ဆေးဘူး အသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းစနစ်များ၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့သွားရန် စသည့်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

 

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ မီးသတ်ရေငုတ်များဖြင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ ဆီမီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရဲဝင်းနိုင် (ညောင်ဦး)