ညောင်ဦး၊ ၃၀ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ကျခုတ်တဲတိုက်၊ နသဖုံတဲတိုက်တို့တွင် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေအခက်ကြုံတွေ့နေသဖြင့် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာမှ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူအဖွဲ့က ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့သည်။
ထိုသို့ရေလှူဒါန်းရာတွင် ကျခုတ်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလံ ၂၂၀၀၊ နသဖုံတဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလံ ၂၂၀၀ စုစုပေါင်း သောက်သုံးရေဂါလံ ၄၄၀၀ အား အိမ်ထောင်စုများအလိုက် စနစ်တကျ ခွဲဝေလှူဒါန်း ပေးခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ယခုလို ပွင့်လင်းရာသီကာလများတွင် ဒေသခံကျေးလက်နေ ပြည်သူများအနေဖြင့် သောက်သုံးရေရှားပါးမှု အခက်အခဲများကြုံတွေ့ရလေ့ရှိပြီး သောက်သုံးရေအတွက် မြေသားမိုးရေ လှောင်ကန်များနှင့် အဝီစိစက်ရေတွင်များကိုသာ မှီခိုအားထားပြုနေရကာ မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများက နှစ်စဉ်ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေး လျက်ရှိကြောင်းလည်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


