၃၀ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံ နယူယောက်စီးတီးရှိ စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်ခွင့်အား Valentine's Day မှစပြီး ခွင့်ပြုမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက သောကြာနေ့မှာ ကြောညာလိုက်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်နှုန်း ကျဆင်းနေတဲ့အတွက် ဖေဖော်ဝါရီ ၁၄ ရက်မှ စပြီး စားသောက်ဆိုင်တွေမှာ အမှန်တကယ် ဝင်ဆံ့တဲ့လူဦးရေရဲ့ လေးပုံတစ်ပုံအား ဆိုင်ထိုင်ခွင့်ပြုမယ်လို့ ပြောပါတယ်။ နယူးယောက် စီးတီးမှာ ပိုးတွေ့ရှိနှုန်းဟာ ဇန်နဝါရီလဆန်းပိုင်းက ၇.၁ ရာခိုင်နှုန်းရှိပေမယ့် လက်ရှိအချိန်မှာ ၄.၉ ရာခိုင်နှုန်းအထိကျသွားကြောင်း၊ လက်ရှိကျင့်သုံးနေတဲ့ နည်းစနစ်ဟာ ပိုးကူးစက်နှုန်း ဆက်လက်ကျသွားဖို့ ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ရှင်းပြပါတယ်။

 

နယူးယောက်စီးတီးမှာ နွေဦးအချိန်က ဆိုင်ထိုင်စားခွင့် ပထမအကြိမ် ပိတ်ခဲ့ပြီး စက်တင်ဘာလမှာ ဆိုင်ထိုင်စားခွင့် ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလမှာ ဆိုင်ထိုင်စားခွင့် ဒုတိယအကြိမ် ပိတ်ခဲ့တာကို တွေ့ရပါတယ်။ နယူးယောက်ရှိ စားသောက်ဆိုင် အနည်းဆုံး ၁,၀၀၀ ပိတ်ထားရကြောင်း Eater ဝက်ဆိုဒ် မှာ ဖော်ပြထားပါတယ်။ ဆိုင်တွေပိတ်ထားရတဲ့အတွက် လူပေါင်း ၁၄၀,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ရကြောင်း သိရပါတယ်။

 

မတ်လ ၁၅ ရက်နေ့ကစပြီး မင်္ဂလာအခမ်းအနားပွဲတွေမှာ ဧည့်သည် ၁၅၀ အထိ တက်ရောက်ခွင့် ရှိမယ်လို့ သိရပါတယ်။ နယူးယောက် စီးတီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့်  ၂၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

 

MDN

ကိုးကား - AFP

 

mdn