ပွင့်ဖြူ၊ ၃၀ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူများအနေဖြင့် သီးနှံရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်ရှိ တောင်သူတွေအနေဖြင့် ကုလားပဲသီးနှံကို နှစ်စဉ်အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ကုလားပဲသီးနှံ စိုက်ပျိုးရာမှာ ကုလားပဲဖြူလုံးကြီးနှင့် ကုလားပဲဖြူလုံးသေး (၂)မျိုးရှိကြောင်း၊ တောင်သူတွေအများဆုံးစိုက်ပျိုးတာ ကတော့ ကုလားပဲဖြူလုံးကြီးကို စိုက်ပျိုးကြကြောင်း၊ ဒီနှစ်မှာ တောင်သူတွေစိုက်ပျိုးတဲ့ ကုလားပဲစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းတဲ့အတွက် ရိတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရန် တောင်သူတွေက မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဆောင်းသီးနှံ ကုလားပဲစိုက်တောင်သူ ဦးကျော်ဆန်း ကပြောသည်။
ပွင့်ဖြူမြို့နယ်သည် ကျေးရွာအုပ်စု ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေ လုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ကျေးရွာများရှိ တောင်သူများမှာ ဉယျာဉ်ခြံမြေများပြုစုပျိုးထောင်ပြီး စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် သရက်၊ လျှော်ဖြူ၊ သနပ်ခါး၊ မန်ဂျက်ရှား၊ ဇီး စသဖြင့် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ကျေးရွာအများစုရှိ တောင်သူများမှာ စိုက်ပျိုးရေဖူလုံစွာ သုံးစွဲနိုင်သည့်အတွက်ကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


