ရန်ကုန်၊ ၃၀ ဇန်နဝါရီ

 

ကိုဗစ်-၁၉ ကာလ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာအမျိုးသား လေကြောင်း (MNA) က ပြည်တွင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲလျက်ရှိရာ ယခုတစ်ဖန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ မြန်မာအမျိုးသားလေကြောင်းဖြင့် စီးနင်းလိုက်ပါမည့် ခရီးသွားများအား ၂၅ ရာခိုင်နှုန်း Discount Gift Voucher များကို လာမည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။

 

မြန်မာအမျိုးသားလေကြောင်းမှ ၂၅ ရာခိုင်နှုန်း Discount Voucher များကို ရန်ကုန်နှင့် မန္တလေးရှိ Check in Counter များတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်၌ အရေအတွက် အကန့်အသတ် (ဦးရာစနစ်) ဖြင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ ဖေဖော်ဝါရီ ၃ ရက်နေ့ မြန်မာအမျိုးသားလေကြောင်းနှင့် ရန်ကုန်လေဆိပ်နဲ့ မန္တလေးလေဆိပ်က လိုက်ပါစီးနှင်းမည့် ခရီးသည်တွေကို ဒီ Gift Voucher တွေပေးမှာဖြစ်ပါတယ်။ အရေအတွက် ကန့်သတ်ထားပါတယ်။ MNA နဲ့နောက်တစ်ခေါက်ခရီးသွားတဲ့အခါ ဒီ Gift Voucher ပြပြီး လက် မှတ်ဝယ်ရင် ၂၅ ရာခိုင်နှုန်းသက်သာခွင့် ရရှိမှာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်း မှ မန်နေဂျာဒေါ်အေးအေးငြိမ်းကပြောသည်။

 

အဆိုပါ Discount Voucher ကို ရန်ကုန်နှင့်မန္တလေး ခရီးသွားမည့်သူများအတွက်သာ စတင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာအမျိုးသားလေကြောင်းသည် မကြာသေးမီက ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲလျက် ရှိကြောင်း၊ ကိုဗစ်-၁၉ မဖြစ်မီက မြို့ကြီး ၂၉ မြို့သို့ ပျံသန်းပြေးဆွဲလျက်ရှိပြီး ယခုအခါ ခရီးသည် အခြေအနေများအပေါ်မူတည်၍ ပြည်တွင်းခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

အာကာစိုး