မိုးမိတ် ၊ ၃၀ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၃၀ရက် နံနက် ၉ နာရီက အဆိုပါ အဆောက်အဦဆောက်လုပ်မည့် မြို့နယ်အားကစားကွင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးလုံလေလုံ အားကစားရုံသည် အလျားပေ ၂၀၀ ၊ အနံ ပေ ၁၀၀ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုရန်ပုံငွေကျပ် ၃၅၂.၈၀၀ သန်းဖြင့် သန်းထက်အောင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်သည်။
ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်ဝင်းလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်၍ ပန္နက်တော် တင်ပေးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ဆောက်လုပ်ရေးတာဝန်ရှိသူများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
မိုးလုံလေလုံ အားကစားရုံ (၂၀၀× ၁၀၀) ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင်ပြီးစီးရန် လျာထားကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)


