နေပြည်တော် ၊ ၃၀ ဇန်နဝါရီ
စိုက်ပျိုးရေးဦးစီးဌာန၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒိုင်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များ၊ နေပြည်တော်ရုံးနှင့် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စာတမ်းရှင်များ လေ့လာသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဝန်ကြီးဌာန၏ အဓိကလုပ်ငန်း တစ်ခုဖြစ်သည့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ အခြားသောဦးစီးဌာနများ၊ တက္ကသိုလ်များ ကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာန က စာတမ်းဖတ်ပွဲများ ကျင်းပခြင်းအားဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်ကျရာဒေသရှိ တောင်သူများ၏ အခြေခံ လိုအပ်ချက်ကို ရှာဖွေဖော်ထုတ် ဖြည့်ဆည်းပေးနိုင်ရေး Bottom-Up Approach ကို စနစ်တကျ ကျင့်သုံးနေကြောင်း၊ ယခုကျင်းပပြုလုပ်သည့် တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုး တိုးတက်ရေး စာတမ်းဖတ်ပွဲတွင် အထင်အရှားတွေ့မြင်နေရပါကြောင်း၊ အကျိုးဆက်အားဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မား လာသည်နှင့် အမျှ ခိုင်မာသော သုတေသနတွေ့ရှိချက်များအပေါ် အခြေပြု၍ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးနှင့်ထုတ်လုပ်မှုကောင်းမွန်လာပြီး တောင်သူများ ဝင်ငွေ တိုးတက်ရရှိလာကာ လူနေမှုဘဝ မြင့်မားလာစေသည့် အကျိုးဆက်များ ဖြစ်တည်လာမည်ဖြစ်ပါကြောင်း။
ပုံမှန်ဆောင်ရွက်နေကျ သုတေသနလုပ်ငန်းများအပြင် လတ်တလောဖြစ်ပေါ်နေသည့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ ၏ လယ်ယာကဏ္ဍ နှင့် ဈေးကွက်အပေါ် သက်ရောက်မှုများ ကိုလည်း မျက်ခြေမပြတ် လေ့လာဆန်းစစ်နေရန် လိုအပ်မည်ဖြစ်ကြောင်း။ ကိုဗစ်-၁၉ ကာလဖြတ်ကျော်နေစဉ် လုပ်ငန်း လိုအပ်ချက်အရ မဖြစ်မနေပြောင်းလဲ ကျင့်သုံးရမှုကြောင့် မိမိတို့၏ ICT နည်းပညာ အသုံးချမှုမှာ ယခင်ကထက် သိသာကျယ်ပြန့်စွာ အသုံးပြုနေ ကြရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါ နည်းပညာကို တောင်သူများလည်း ထိထိရောက်ရောက် အသုံးချ တတ်စေရေးအတွက် နည်းပညာ ပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများအနက် အဓိကကျသော စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေး နှင့် အာဟာရပြည့်ဝရေး မူဝါဒအား အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နှင့် အော်ဂဲနစ်စိုက်ပျိုးရေးကျင့်စဉ်များ ချမှတ်ဆောင်ရွက်ထားရှိပြီး တောင်သူလယ်သမားများ အပါအဝင် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများအားလုံးက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
တတိယအကြိမ် စာတမ်းဖတ်ပွဲတွင် တက်သစ်စ လူငယ်ပညာရှင်များအုပ်စု မှ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ မြေဆီလွှာနှင့်ရေကို စနစ်တကျ စုဆောင်းထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့် ပထမ ဆု ၊ ရှမ်းပြည်နယ် အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု နှင့် ဈေးကွက် အလားအလာများအား အကဲဖြတ် ခြင်း ခေါင်းစဉ်ဖြင့် ဒုတိယဆု ၊ ကော်ဖီအချဉ်ဖောက်ခြင်းနည်းလမ်းအမျိုးမျိုးဖြင့် ကော်ဖီ၏ သောက်သုံးမှု အရည်အသွေး အရသာအပေါ် လွှမ်းမိုးမှုအား သုတေသနပြုစမ်းသပ်ခြင်း ခေါင်းစဉ်ဖြင့် တတိယ ဆု တို့ကိုလည်းကောင်း၊ အတွေ့အကြုံ ရှိပြီးသော ပညာရှင်များ အုပ်စုတွင် Effect of Different types of organic manures application on growth and yield of Elephant Food Yamunder immature rubber plantation ခေါင်းစဉ်ဖြင့် ပထမဆု၊ ကော်ဖီကြိတ်ခွဲထုတ်လုပ်သည့်နည်းအလိုက် အရည်အသွေး အပေါ် လွှမ်းမိုးသည့် အချက်များအား လေ့လာဆန်းစစ်ခြင်း ခေါင်းစဉ်ဖြင့် ဒုတိယ ဆု ၊ Evaluation of Rubber Clones From PRIM 2000 SERIES in Small Scale Clone Trial ခေါင်းစဉ်ဖြင့် တတိယ ဆု အပါအဝင် နှစ်သိမ့်ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


