နေပြည်တော်၊ ၃၀ ဇန်နဝါရီ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသားများ ဝန်ထမ်းအလှည့်ကျ ပြောင်းလဲခြင်း အကူအညီပေးရေးကော်မတီ (CCSC) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၈၈)ဦး၊ ဖိလစ်ပိုင်မှ (၃)ဦး၊ မလေးရှားမှ (၃)ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ (၅)ဦး၊ အင်ဒိုနီးရှားမှ (၈)ဦး၊ ဂျာမနီမှ (၃)ဦး၊ ဒိန်းမတ်မှ (၁)ဦး၊ အီဂျစ်မှ (၁)ဦး၊ ပြင်သစ်မှ (၁)ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၃၁)ဦး လိုက်ပါခဲ့ကြသည်။
ထို့ပြင် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၂)ဦးကို မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) အထူး စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘော ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


