နေပြည်တော်၊ ၃၀ ဇန်နဝါရီ

 

မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံကို ယနေ့နံနက် ၉ နာရီက Online စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ နာယကဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က Video Message ဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်များ စုစည်းဖွဲ့ထားသည့် အင်ဂျင်နီယာအစုအဖွဲ့ကြီး တစ်ရပ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် (၂၅)နှစ် ငွေရတုတိုင်ခဲ့ပြီဖြစ်ပြီး အသင်းဝင်အင်အား ခြောက်သာင်း ခြောက်ထောင် ငါးရာခန့်၊ အသင်းခွဲ (၂၇) ခု၊ အသင်းသား ကုမ္ပဏီ (၃၅၀) ခန့်နှင့် ဖွဲ့စည်းထား နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်ကို ကြားသိရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း။

 

အသင်းချုပ်ကြီး၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များသည်လည်း ပိုမိုကြီးမား ကျယ်ပြန့်လာပြီး  မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်မှုများစွာကိုလည်း တွေ့ရှိရပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဓိက ရည်ရွယ်ချက်များမှာ မြန်မာအင်ဂျင်နီယာများ၏ ကျင့်ဝတ်သိက္ခာထိန်းသိမ်းမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အင်ဂျင်နီယာများအနေဖြင့် တစ်တပ်တစ်အား ပါဝင်နိုင်ရန်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးသည် လွန်စွာအရေးပါပြီး ယင်းလုပ်ငန်းများကို အင်ဂျင်နီယာများက အဓိကဆောင်ရွက်ရပါကြောင်း၊ ၂၀၁၆ ခုနှစ် အစိုးရသစ် တာဝန်ယူချိန်မှစပြီး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သိသာထင်ရှား သည့် တိုးတက်မှုများစွာကို တွေ့ရမည်ဖြစ်ပါကြောင်း။

 

ယင်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ပြည်တွင်းနှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများလည်း ဝင်ရောက်လာ မည်ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာများ၊ အတတ်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် အင်ဂျင်နီယာပညာရပ်သင်ကြားရေး အခန်းကဏ္ဍသည် အရေးကြီးပါကြောင်းနှင့် အဆိုပါ ကိစ္စရပ်များကိုလည်း အသင်းအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊  နိုင်ငံတော်အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အာဆီယံ ဒေသတွင်း အဖွဲ့အစည်းများ၊ ပြည်ပအင်ဂျင်နီယာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ အင်ဂျင်နီယာ အဖွဲ့ချုပ်၊ အာရှပစိဖိတ်ဒေသအင်ဂျင်နီယာ အဖွဲ့ချုပ်၊  ကမ္ဘာ့အင်ဂျင်နီယာ အဖွဲ့ချုပ် စသည်တို့နှင့် ပူးပေါင်းချိတ်ဆက်၍ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ စာတမ်းဖတ် ပွဲများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိနေပါကြောင်း၊ အသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်ပြီး အင်ဂျင်နီယာ အသင်းချုပ်အဆင့်သို့ တိုးမြှင့် ဖွဲ့စည်းထားပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အင်ဂျင်နီယာအသင်းများ ဖွဲ့စည်းနိုင်ရန် အားပေးအားမြှောက်ပြုနေခြင်း၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ပညာရှင်အသင်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့မြင်သိရှိနေရသည့်အတွက် အလွန် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ COVID-19 Pandemic ကာလအတွင်း အသင်းချုပ်၏ ဆောင်ရွက်ချက်များ ရပ်တန့်သွားခြင်းမရှိဘဲ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ အသင်းလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို သိရှိရပါကြောင်း။

 

ယနေ့ကျင်းပသည့် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးပြီးလျှင် ၂၀၂၁-၂၀၂၂ ကာလအတွက် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား အစီအစဉ်များကိုလည်း ပထမဆုံးအကြိမ်အဖြစ် Online မှ ဆက်လက်ကျင်းပသွားမည်ဟုသိရပါကြောင်း၊ Online မှ  ရွေးချယ်မဲပေးကြမည့်သူများအားလုံးသည် အသင်းချုပ်၏ တိုးတက်ဖွံ့ဖြိုးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ကြပြီး အင်ဂျင် နီယာလောက၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ကြမည့် အမှုဆောင်များကို သေချာမဲပေးရွေးချယ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သစ်လွင်ဆန်းသစ်သည့် စိတ်ကူး အကြံအစည်များနှင့် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီ မိမိတို့နိုင်ငံလည်း ရင်ဘောင်တန်းလိုက်နိုင်မည့် နိုးကြား တက်ကြွထက်မြက်သည့် လူငယ်လူလတ်များက အမှုဆောင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခံနိုင်ကြရန်လည်း အရေးကြီးပါကြောင်း၊ ရွေးချယ်ခံကြရမယ့် ဗဟိုကော်မတီဝင်များ အားလုံးသည်လည်း နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများနှင့် အသင်းချုပ်ကြီး၏ ချမှတ်ထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်နေသည့် ရေတိုရေရှည် လုပ်ငန်းစဉ်များအားလုံး အောင်မြင်ရန် အားလုံး တက်ညီလက်ညီ စည်းလုံး ညီညွတ်စွာ ဆောင်ရွက်သွားနိုင်ကြပါရန် ဆန္ဒပြုပါကြောင်း၊ အင်ဂျင်နီယာပညာရပ်များ ပိုမိုတိုးတက်ရန် အင်ဂျင်နီယာအသင်းဝင်များအားလုံး တက်ညီလက်ညီ ပူးပေါင်း၍ နိုင်ငံတော်ကြီး၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ပိုင်းများတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆထက်တပိုး ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်သွားကြရန်နှင့် အသင်းကြီး အစဉ်အမြဲတည်တံ့တိုး တက်စေရန် ဆန္ဒပြုတိုက်တွန်းနှိုးဆော်လိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နာယက ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်များကို ဆက်လက်ကျင်းပသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ နာယက၊ ဥက္ကဋ္ဌနှင့် အသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)

 

mdn