ရေတာရှည် ၃၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ဆွာချောင်းရေလှောင်တမံမှ နွေစပါးစိုက်ပျိုးရန် ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ ကျေးရွာအုပ်စု ၁၀ ခုရှိ ဧက ၁၀၀၀၀ ကျော်အား လျာထားချက်အတိုင်း ရေများစတင်ပေးဝေခဲ့ပြီး စိုက်ပျိုးပြီးတစ်လကျော်နှင့် တစ်လခွဲသား ကြဲသားပက်ထားသည့် စပါးခင်းများအား နေ့စဉ် ဒေသခံအမျိုးသမီးများကို နေ့စားငှား၍ ပျိုးပင်လက်ကြားခွဲခြင်း၊ ကွက်လပ်များတွင် ပြန်လည်ဖာထေး စိုက်ပျိုလျက်ရှိသဖြင့် ဒေသခံများ ပုံမှန်ဝင်ငွေ အဆင်ပြေလျက်ရှိသည်။
တောင်သူများအနေဖြင့် နွေစပါးများစိုက်ပျိုးသည့်အခါ ကုန်ကျစရိတ် သက်သာစေရန်နှင့် အချိန်တိုအတွင်း လုပ်ငန်းပြီးစီးနိုင်သည့် စပါးမျိုးစေ့ကို ကြဲသားပက်ခြင်းဖြင့်သာ စိုက်ပျိုးကြသည်ဖြစ်ရာ မျိုးစေ့မရောက်သောနေရာ ကွက်လပ်များကို ယခုလို ပြန်လည်ဖာထေး စိုက်ပျိုးကြရခြင်း ဖြစ်သည်။
ထို့အတူ နွေစပါးစိုက်ပျိုးရေမရရှိသော ဒေသများ၌ ပဲသီးနှံမျိုးစုံနှင့် ဖရဲတို့ကို စိုက်ပျိုးကြရပြီး ယခုအချိန်တွင် ဖရဲစိုက်ပျိုးခြင်း၊ အသီးခူးခြင်း၊ ပဲနုတ် ပဲချွေသည့်လုပ်ငန်းများတွင် ဒေသခံလုပ်သားများစွာကို နေ့စဉ်ဝင်ငွေရရှိလျက်ရှိ၍ မိသားစုအလိုက် အထိုက်အလျောက် အဆင်ပြေနေကြပြီ ဖြစ်သည်။
ကိုလွင်(ဆွာ)


