ပဲခူး ၃၁ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီက ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း ဖောက်လုပ်မှုစီမံကိန်းတွင် ပါဝင်သွားသည့် မြေယာများအတွက် လျော်ကြေးငွေ‌ပေးအပ်ခြင်း အခမ်းအနားကျင်းပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအပေါ် များစွာမူတည်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှု စသည်တို့ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊  ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်အရ ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်းကို ဖောက်လုပ်ရခြင်းဖြစ်ပြီး၊ ယာဉ်ကြောရှုပ်ထွေးမှုကို လျှော့ချနိုင်ခြင်း၊ ဒိုက်ဦး-စစ်တောင်းလမ်းရှိ ကျေးလက်ဒေသများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ခြင်းများ စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးပေးလျော်မှုအပေါ် နားလည်စေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း‌ ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စု၊ မြစ်ကျိုး၊ ပုဂံ၊ ကွေ့ကြီး၊ အဗျားငှက်ချေးဝင်း စသည့်ကျေးရွာများမှ တောင်သူ(၁၀၅)ဦး၏ လယ်ယာမြေ (၁၆၆ ဒသမ ၇၈)ဧကအတွက် မြေယာလျော်ကြေးငွေ ကျပ်(၄၁၆၉၅၀၀၀၀)အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်နှင့် ဦးမောင်ဒီ၊ ပဲခူးခရိုင် အုပ်ချုပ်‌ရေးမှူး ဦးအောင်ဇော်လတ်၊ တိုင်းဒေကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုး၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့က အသီးသီးပေးအပ်ခဲ့သည့်အပြင် မြို့နယ် ကိုဗစ်-ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ‌လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရေး ထောက်ပံ့ငွေကျပ် (၅)သိန်းနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အားကစားပစ္စည်းများအား ဝန်ကြီးချုပ်မှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်းသည် အရှည်(၂၁)မိုင် (၅)ဖာလုံရှိပြီး ဝေါမြို့နယ် ဆပ်သွားခြုံကျေးရွာမှ ဒိုက်ဦးမြို့နယ်သို့ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ အဆိုပါလမ်းဖောက်လုပ်ခဲ့စဉ်က ဝေါမြို့နယ်အတွင်းရှိ လေးအိမ်စု၊ မြစ်ကျိုး၊ ပုဂံ၊ ကွေ့ကြီး၊ အဗျားငှက်ချေးဝင်း စသည့်ကျေးရွာများမှ တောင်သူ(၁၀၅)ဦး၏ လယ်ယာမြေ (၁၆၆ ဒသမ ၇၈)ဧကနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ပုကိုင်၊ ဖအောင်ဝဲ၊ နတ်ကင်း၊ အိမ်ခြေလေးဆယ်၊ မင်္ဂလွန်ကျေးရွာတို့မှ တောင်သူ(၁၈၆)ဦး၏ လယ်မြေ (၂၃၀ ဒသမ ၅၆)ဧက ပါဝင်သွားကြောင်း သိရသည်။

ယခုအခါ အဆိုပါဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်သောကြောင့် ယခင်စစ်တောင်းတံတား(မုပ္ပလင်)မှ ဒိုက်ဦးမြို့သို့ သွားမည်ဆိုပါက (၅၄)မိုင် (၅)ဖာလုံ သွားရမည့်ခရီးအား ယခုအခါ (၃၃)မိုင်လျော့နည်းသွားပြီး ခရီးသွားပြည်သူများ ပိုမိုမြန်ဆန်လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ် အဘားကျေးရွာ စားကျက်မြေနှင့်ပတ်သက်၍ သက်ဆိုင်ရာတောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးပြီး ညောင်ခါးရှည် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Mobile X-Ray စက်ထားရှိမည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)