ပဲခူး ၃၁ ဇန်နဝါရီ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ဝင်း နိမ္မိတာရုံကျောင်းတိုက်ဆရာတော်နှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်) ရွှေချောင်းတောရစာသင်တိုက် ဆရာတော်တို့မှ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းက အဆိုပါဆရာ‌တော်များ၏ ကျောင်းတိုက်များတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း အမှူးပြုသော ဒါယကာ၊ ဒါယိကာမများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်) ရွှေချောင်းတောရစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသတို့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာမြွက်ကြားပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က လှူဒါန်းပေးမှုအပေါ် ဝမ်းမြောက်စကား ပြန်လည်လျှောက်ထားသည်။

ယင်းနောက် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်နှင့် တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများ စုစုပေါင်းလှူဒါန်းထားသော အလှူငွေကျပ်သိန်း (၁၁၀၀)အား ဆရာတော်ကိုယ်စား တပည့်ဒါယကာတစ်ဦးမှ လည်းကောင်း၊ ရွှေချောင်းတောရစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)နှင့် တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းသော အလှူငွေကျပ်သိန်း(၇၀)အား ဆရာတော်၏ကိုယ်စား တပည့်ဒါယကာတစ်ဦးမှ လည်းကောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ယူမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆရာတော်ကြီးများထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)