ကန်ကြီးထောင့် ၃၁ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၇၈ သန်းဖြင့် ကျေးရွာ(၉)ရွာတွင် ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများမှ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်အောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်နှင့် တာဝန်ရှိသူများက ကျေးရွာ(၉)ရွာအနက်မှ ရေတွင်းကုန်းလေးကျေးရွာ၊ သာယာကွင်း၊ လက်ခုပ်နှင့် ဘုရားချောင်းကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တွင်းနက်တူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာ(၉)ရွာမှ ပြည်သူ ၃၆၀၀ ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေများကို ရရှိသုံးစွဲလာနိုင်‌တော့မည်ဖြစ်ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)