ဂွ ၃၁ ဇန်နဝါရီ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ဇန်နဝါရီ ၃၁ ရက် နံနက် ၈ နာရီက ဂွမြို့တွင် မြို့နယ်ခန်းမအဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည့် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ မင်္ဂလာပန္နက်တိုင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ခန်းမ အဆောက်အဦသစ်ကို တာဝန်ယူဆောက်လုပ်မည့် သဇင်သုံးခိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၀၀ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၀၀ တို့ဖြင့် ဆောက်လုပ်မည့် အလျား ၂၂၀ ပေ၊ အနံ ၈၀ ပေ၊ အမြင့် ၂၂ ပေ ၆ လက်မရှိ တစ်ထပ် RC ကွန်ကရစ် အမျိုးအစား အဆောက်အဦသစ် ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သိလိုသည်များအား မေးမြန်းဆွေးနွေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက သတ်မှတ်နေရာအသီးသီး၌ မင်္ဂလာပန္နက်တိုင်တို့ကို စိုက်ထူပေးကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်း(ပြန်/ဆက်)


