ဖားကန့် ၃၁ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ လာရောက်သူများအနေဖြင့် ဖားကန့်ဒေသခံ မှတ်ပုံတင် ၁/ကမန ပါရှိရမည်ဖြစ်ပြီး မိမိလာရာအရပ်ဒေသမှ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါရှိခြင်းနှင့် ဖားကန့်ဒေသတွင်းမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရရှိခြင်း၊ ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာ ဌာန/ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက်တို့ပါရှိခြင်း စသည့် အချက်များနှင့် အကျုံးဝင်မှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ သုံးရက်တိုင် မြို့ဝင်/ထွက်ဂိတ်များ၌ ဗီနိုင်းများထောင်ခြင်း၊ မြို့တွင်း လော်စပီကာများဖွင့်၍ ကြေညာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်မှစတင်ကာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါက မြို့နယ်တွင်း ဝင်ရောက်ခွင့်မပြုတော့ကြောင်း သိရသည်။
မြို့နယ်တွင်း ဝင်ရောက်ခွင့်ရသူများ အနေဖြင့်လည်း ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ချက်များအတိုင်း Quarantine ဝင်ကြရမည် ဖြစ်သည်။
ယနေ့အထိ ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့သူပေါင်း (၅၉၀)ဦးအနက် သေဆုံးသူ (၂)ဦး၊ ဆေးကုသမှုခံယူလျက်ရှိနေသူ (၁၁၃)ဦးတို့ရှိနေသည်။
လက်ရှိ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဇန်နဝါရီ ၂၈ ရက်မှ ကျန်းမာရေးဝန်ထမ်း (၁၈၈)ဦးအား ထိုးနှံမှုပေးနိုင်ခဲ့ပြီဖြစ်ပြီး ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို စနစ်တကျ ဆောင်ရွက်နေကြောင်း ကျန်းမာရေးမှူး-၁ ဦးမင်းသူထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


