ကန်ကြီးထောင့်၊  ၃၁  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ် (၁)  ရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံ အဝင်မုဒ်ဦးတွင် မီးလင်းဆိုင်းဘုတ် တပ်ဆင်ခြင်းကို ဇန်နဝါရီ ၃၁ ရက်၊ ညနေ ၄ နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဦးမှ ဦးဆောင်၍ စည်ပင်ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“လွတ်လပ်ရေးပန်းခြံ” စာတန်းပါ မီးလင်းဆိုင်းဘုတ်ကို အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တပ်ဆင်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းသည့် စီးလျှောနှင့် ဒန်းများကို တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းခြံကို လာရောက် အပန်းဖြေကြတဲ့ ပြည်သူတွေ၊ ကလေးငယ်တွေ စိတ်ပျော်ရွှင်ကြည်နူးစေရန် ရည်ရွယ်ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် အလှူရှင်များစုပေါင်းပြီး ပန်းခြံသာယာလှပရေး ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှစတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်ထံမှ သိရသည်။

 

“အခုလို မြို့ရဲ့ ဂုဏ်ဆောင်ဖြစ်တဲ့ လွတ်လပ်ရေးပန်းခြံ သာယာလှပလာတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာကြည်နူးမိကြောင်း၊ လာရောက်အပန်းဖြေသူတွေ အနားယူနိုင်ဖို့၊ ကိုယ်လက်လှုပ်ရှား ဆော့ကစားနိုင်ဖို့ လိုအပ်တာတွေကို စုပေါင်းလှူဒါန်းပေးကြတဲ့ အလှူရှင်တွေနဲ့ ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ မြို့နယ်စည်ပင်သာယာရေး ကော်မတီကိုလည်း ကျေးဇူးတင်ကြောင်း” မြို့မိမြို့ဖ ဦးမြင့်စိုးက ပြောသည်။

 

အဆိုပါ လွတ်လပ်ရေးပန်းခြံကို နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပေးထားပြီး၊ ပန်းခြံသို့ လာရောက် အပန်းဖြေကြသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask များကို စနစ်တကျ တပ်ဆင်‌ကြရန်နှင့် အမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်ကြရန် စသည် စည်းကမ်းချက်များကို ထုတ်ပြန်ထားရှိကြောင်း သိရသည်။

 

နန်းထိုက် (ပြန်/ဆက်)