ပွင့်ဖြူ၊ ၂    ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေး ပရဟိတအဖွဲ့ နာယက ပေါက်ကုန်းဆရာတော် ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် ပေါ့ဆမီးကြောင့် မီးဘေးသင့် အိမ်ထောင်စု ၃၈ စုအတွက် စားဝတ်နေရေး အခက်အခဲမဖြစ်စေရေး အလှူငွေနှင့် အဝတ်အထည်များ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းရာတွင် ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေး ပရဟိတအဖွဲ့ နာယက ပေါက်ကုန်းဆရာတော် ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များက ငဖဲမြို့နယ် ပင်ဦးကျေးရွာ အုပ်စု၊ လေးအိမ်စုကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၈ ဦးအား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းစီနှင့် ခြုံစောင်၊ အဝတ်အထည်၊ ထီး စသည့် ထောက်ပံ့ပစ္စည်းများနှင့် မီးလောင်ပျက်စီးခဲ့သည့် ဓမ္မာရုံအတွက် အလှူငွေကျပ် ၃၀၀၀၀ တို့ကို ကူညီထောက်ပံ့လှူဒါန်းခဲ့ကြောင်း၊ စုစုပေါင်း ငွေကျပ် ၇၉၀၀၀၀ အား လှူဒါန်းပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဦးဇော်လွင် ထံမှ သိရသည်။ 

ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က ပေါ့ဆမီးကြောင့် အိမ်ခြေ ၃၈ လုံးနှင့် ဓမ္မာရုံတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရကာ မီးဘေးသင့် ပြည်သူများအား စားဝတ်နေရေး အခက်အခဲ မဖြစ်စေရေးအတွက် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက အလှူငွေနှင့် ဆန်၊ ဆီ၊ အစားအသောက်နှင့် အဝတ်အထည်ပစ္စည်းများကို နေ့စဉ် လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ပြန်/ဆက်)