ဟားခါး  ၊  ၂  ဖေဖော်ဝါရီ

 

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က လျှပ်စစ် ထမင်းပေါင်းအိုး တည်ရာမှ တစ်ဆင့် အပူလွန်ကဲပြီး အိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားကာ လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက် အိမ်ရှင် ဦးဟရန်ကျုံး၏ နေအိမ်တွင် လျှပ်စစ် ထမင်းပေါင်းအိုး တည်ရာမှ တစ်ဆင့် အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ နေအိမ် အနီးရှိ ဦးနောင်နှီး၏အိမ်ကို ထပ်မံမီးကူးစက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုတွင် မောင်ဆဲမွှာလ် ၁၉ နှစ်၊ မပါရ်ထာလှေ ၁၇ နှစ်၊ မငွန်ရွှေပါရ် ၁၄ နှစ်၊ မောင်ဘွေးချစ်ထူး ၁၁ နှစ်၊ မငွန်ထလဲင် ၇ နှစ်နှင့် မရိုသ်ဗန်နီနှဲမ် ၂ နှစ် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့သည်။

 

mdn

 

မီးလောင်မှုဖြစ်ပွားရာသို့ ချင်းပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းထွေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ မီးငြှိမ်း သတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ သူနာတင်ယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ပြည်နယ် အုပ်ချုပ်မှုယာဉ် တစ်စီး စုစုပေါင်း ရှစ်စီးဖြင့် မီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ခြောက်ဦး သေဆုံးခဲ့ကြောင်း၊ မီးဘေးဒုက္ခသည် မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ နေရာချထားပေးခဲ့ကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန  ဦးစီးမှူး ဦးသျှန်နွန်မောင်ထံမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)