နေပြည်တော်၊ ၂ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့တွင် ငွေကျပ် ၇ ဒသမ ၅၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၄၉ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် ည ၁၀ နာရီခွဲတွင် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပြည်ဘက်မှ တောင်ကုတ်ဘက်သို့ သိန်းဝင်းမောင်းနှင်ပြီး ထွန်းလှိုင်လိုက်ပါလာသည့် MITSUBISHI CANTER မော်တော်ယာဉ်ကိုစစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၄၅ သန်းကျော် သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ စတင်သယ်ဆောင်လာသည့် မှော်ဘီမြို့နယ်၊ ရေကျော်ကျေးရွာရှိ ရွှေသန်း၏ နေအိမ်ခြံဝင်းအား ဇန်နဝါရီ ၂၉ ရက် နံနက် ၁ နာရီခွဲတွင် စစ်ဆေးရှာဖွေရာ ရွှေမင်းသိန်း၊ အောင်ကျော်လင်း၊ ဇော်မောင်ဦး (ခ) မောင်မောင်တို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၀၄ သန်း၊ မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ပို့ပေးခဲ့သူများဖြစ်သည့် မြတ်ကိုနှင့် ခိုင်ဦးတို့အား ယင်းနေ့ ညနေ ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၊ အိုက်စ် သုည ဒသမ ၃ ဂရမ်၊ ဆေးခြောက် ၁ ဂရမ်၊ မော်တော်ယာဉ် ၂ စီး (စုစုပေါင်းငွေကျပ် ၇ ဒသမ ၅၉ ဘီလီယံကျော်)ကို လည်းကောင်း၊ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီတွင် မြင့်ကိုကိုအား ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၀)၊ ခွာညိုလမ်းရှိ နေအိမ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
တရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ရန်ကုန်သို့သယ်ဆောင်ပြီး ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်