နေပြည်တော်၊ ၂ ဖေဖော်ဝါရီ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နေ မြင့်မော်(ခ)ခန့်မင်းထွန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၇ ကီလိုကိုလည်းကောင်း။
ထို့အတူ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်ကော်မြို့နယ်၊ ဆောင်ကန်းကျေးရွာ၊ ဆောင်ကန်းပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် နေလင်းထွန်း(ခ)နေဦး မောင်းနှင်ပြီး ဟဲအီလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း။
ဇန်နဝါရီ ၃၀ ရက် ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာနေ နေဇင်လတ်(ခ)စိုးလင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အခန်းရှိ သံသေတ္တာအတွင်းနှင့် ကားဂိုဒေါင်အတွင်းရှိ သံပီပါအတွင်းတို့မှ ငွေကျပ်သိန်း ၈,၁၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၉,၅၀၀ ကိုလည်းကောင်း။
ဖေဖော်ဝါရီ ၁ ရက် နံနက် ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးရှိ ဆီဆိုင်အနီး၌ အငှားယာဉ်ပေါ်သို့ ဆာလာအိတ်များတင်ဆောင်နေသူ မဆုမွန်အေး၊ ဇွဲထက်(ခ)ဇော်ထက်လင်းရှိန်နှင့် ဝေမင်းအောင်တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဆာလာအိတ်များအား ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ ငရုတ်သီးခြောက်များနှင့် ရောနှောသိုဝှက်ထားသည့် ဆေးခြောက် ၂၇ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား