တိုကျို ၂ ဖေဖော်ဝါရီ

ဂျပန်ဝန်ကြီးချုပ်ဆူဂါသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာသော်လည်း မြို့တော် တိုကျိုနှင့် အခြားဒေသများတွင် ပြဌာန်းထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်အခြေအနေကို နောက်ထပ်တစ်လ မတ် ၇ ရက်အထိ သက်တမ်းထပ်တိုးလိုက်ကြောင်း သိရသည်။

အိုဆာကာ၊ အိုင်ချီနှင့် ဖူကွာကာ စီရင်စုနယ်တို့အပါအဝင် ဂျပန်နိုင်ငံအတွင်း စီရင်စုနယ် ၁၀ ခုတွင် အရေးပေါ်အခြေအနေ ဆက်လက်ပြဌာန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဆူဂါက ဂျပန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် ပြောကြားသည်။

မြို့တော်တိုကျိုမှ မြောက်ဘက်တွင် တည်ရှိသောတိုဂျီဂီစီရင်စုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း သိသိသာသာကျဆင်းလာသောကြောင့် ထိုစီရင်စုနယ်သည် ဖေဖော်ဝါရီ ၇ ရက်တွင် အရေးပေါ်အခြေအနေ ဖြေလျှော့ရမည့် တစ်ခုတည်းသော စီရင်စုနယ်ဖြစ်လာမည်ဖြစ်သည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်မှုနှုန်းနှင့် ထိုရောဂါကြောင့် ဆေးရုံတင်ခြင်းခံရသူဦးရေ ကျဆင်းလာခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆက်လက်ထိန်းချုပ်ရန် လိုအပ်သည့်အတွက် နိုင်ငံအတွင်းရှိ ဒေသတချို့တွင် အရေးပေါ်အခြေအနေကို သက်တမ်းထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း ဆူကာက ရှင်းလင်းပြောကြားသည်။

အဆိုပါ အရေးပေါ်အခြေအနေအရ ပြည်သူများအနေဖြင့် မလိုလားအပ်ဘဲ အပြင်ထွက်ခွာခြင်းနှင့် ခရီးသွားလာခြင်းများကို ရှောင်ရှားကြရန်လိုအပ်သလို စားသောက်ဆိုင်များနှင့် အရက်အဖျော်ယမကာဆိုင်များကို စောစောစီးစီးပိတ်ထားရန် လိုအပ်ကြောင်း သိရသည်။ ထို့အပြင် ကုမ္ပဏီဝန်ထမ်းများအား အဝေးကနေ ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန် ကုမ္ပဏီများကိုလည်း တိုက်တွန်းထားကြောင်း သိရသည်။

သို့သော် ဂျပန်အစိုးရသည် ယခုနှစ် မတ် ၇ ရက်မတိုင်မီ ကိုဗစ်-၁၉ ရောဂါကူးစက်မှု သိသိသာသာ ကျဆင်းသွားသည့် စီရင်စုနယ်များတွင် အဆိုပါ အရေးပေါ်အခြေအနေကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးတာဝန်ခံဝန်ကြီး ယာဆူတိုရှီနီရှီမူရာက ပြောကြားသည်။

ကိုးကား - ကျိုဒိုနယူးစ်

ဘာသာပြန် - ဂျေတီ