ပေကျင်း ၂ ဖေဖော်ဝါရီ
တရုတ်နိုင်ငံသည် ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားသည်။
တရုတ်အစိုးရက ဖေဖော်ဝါရီ ၁ ရက်တွင် ပါကစ္စတန်နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လှူဒါန်းခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝဲန်ဘင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအပြင် ဘရူနိုင်း၊ နီပေါ၊ ဖိလစ်ပိုင်၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ မွန်ဂိုလီးယား၊ ပါလက်စတိုင်း၊ ဘီလာရုစ်၊ ဆီရီယာလွန်း၊ ဇင်ဘာဗွေနှင့် အီကွေတိုရီယာလ်ဂီနီယာ အစရှိသည့် အခြားဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃ နိုင်ငံတို့ကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပံ့ပိုးပေးသွားမည်ဖြစ်သလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ်လိုအပ်လျက်ရှိသော အခြားဖွံ့ဖြိုးဆဲနိုင်ငံ ၃၈ နိုင်ငံတို့ကိုလည်း အဆင့်အဆင့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပံ့ပိုးပေးရန်အလို့ငှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်သည့် COVAX ဆေးဝါးကုမ္ပဏီ၏ လှုပ်ရှားဆောင်ရွက်မှုများတွင် မိမိတို့အနေဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့အပြင် ပြည်ပရှိ မိတ်ဖက်ဆေးဝါးကုမ္ပဏီများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပူးတွဲထုတ်လုပ်မှုနယ်ပယ်နှင့် သုတေသနလုပ်ငန်းများတွင် တရုတ်အစိုးရအနေဖြင့် ပြည်တွင်းဆေးဝါးကုမ္ပဏီများကို ထောက်ခံအားပေးလျက်ရှိခြင်းနှင့်အတူ ယခုအခါ ပြည်တွင်းထုတ် Sinopharm နှင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယူအေအီး၊ မော်ရိုကို၊ အင်ဒိုနီးရှား၊ တူရကီ၊ ဘရာဇီးနှင့် ချီလီနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ထို့အပြင် တရုတ်အစိုးရသည် ပြည်တွင်းထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အတည်ပြုထားသည့် ပြည်ပနိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတင်ပို့သည့် သက်ဆိုင်ရာဆေးဝါးကုမ္ပဏီများကိုလည်း ထောက်ခံအားပေးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ