ရန်ကုန် ၃ ဖေဖော်ဝါရီ
မြန်မာနိုင်ငံတော်အစိုးရ၏ ဦးဆောင်စီစဉ်မှုဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံသားများ အား မြန်မာနိုင်ငံသို့ ပြန်လည်လိုက်ပါနိုင်မည့် ခရီးစဉ်များကို ပြန်လည်ပြေးဆွဲ ပျံသန်း ပေးတော့မည် ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် MAI မှ သိရသည်။
ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များကို ယခင်ထုတ်ပြန်ထားသည့် အတိုင်း တစ်ပတ်လျှင် သုံးကြိမ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် ဖေဖော်ဝါရီလဆန်း ပိုင်းမှစတင်ကာ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ အဆိုပါ လေယာဉ် ခရီးစဉ်များကို ဖေဖော်ဝါရီ ၃ ရက်၊ ၄ ရက် ၈ ရက်၊ ၁၀ နှင့် ၁၁ ရက် တို့တွင် ပုံမှန်ပျံသန်းပေးသွား မည်ဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ခေတ္တပိတ်ထားမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်တွင် ပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ်ကို ရပ်နားခဲ့ရသည်။ အဆိုပါ ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက် (တနင်္လာနေ့)တွင် ကယ်ဆယ်ရေး လေယာဉ်တစ်စင်း အစားထိုး ပြေးဆွဲသွား မည်ဖြစ်ကြောင်းနှင့် ခရီးသည်များ လိုက်ပါနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးအနေဖြင့် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံကူးလက်မှတ်ကိုင် ဆောင်ထားသူများ၊ ယာယီခရီးသွားလက်မှတ် CI ကိုင်ဆောင်သူများ၊ ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိနေသူများ၊ သင်္ဘောသားများ၊ ကျောင်းသားများ လေယာဉ်လက်မှတ် အဆင်ပြေချောမွေစွာ ဝယ်ယူ နိုင်ရေး အပတ်စဉ် တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ပျံသန်းမည့် ကယ်ဆယ်ရေး လေယာဉ်လက် မှတ်များကို ဖေဖော်ဝါရီ ၃ ရက် မှ စတင်ကာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်- ကွာလာလမ်ပူ ခရီးစဉ်တွင် လိုက်ပါခွင့်ရရှိသည့် ခရီးသည်များအနေဖြင့် လေယာဉ် လက်မှတ် များကို ဖေဖော်ဝါရီ ၄ ရက် နောက်ဆုံးထား၍ Myanmar Airways International(MAI) လေကြောင်း လိုင်း ဖုန်း-၆၀၃ ၂၁၄၂၁၁၉၉ သို့ ကြိုတင် ဆက်သွယ်ဝယ်ယူနိုင်ပြီး အချိန်မီ ဝယ်ယူနိုင်ခြင်း မရှိသည့် ခရီးသည်များအတွက် လေယာဉ်လက်မှတ်များကို ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ အစားထိုး ရောင်း ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ အမိမြန်မာနိုင်ငံသို့ ပြန်လည်သည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီစဉ်မှုဖြင့် ရန်ကုန်- ကွာလာလမ်ပူ ပျံသန်းပြေးဆွဲပေးလျက်ရှိသော ခရီးစဉ်မှာ ၄၉ ကြိမ် မြောက်ရှိပြီဖြစ်သည်။ လာမည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပျံသန်းပေးမည့် ရန်ကုန်-ကွာလာလမ်ပူ အကြိမ် (၅၀) မြောက် ခရီးစဉ်တွင် ခရီးသည် ၁၀၀ ကျော် လိုက်ပါမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် ပျံသန်းပြေးဆွဲပေးမည့် (၅၁)ကြိမ်မြောက် ခရီးစဉ်တွင် ခရီးသည် ၁၁၃ ဦး လိုက်ပါမည်ဖြစ်ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်


