ဆိပ်ဖြူ ၊ ၃  ဖေဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းရွာကျေးရွာအုပ်စု၊ ညောင်ပင်လယ်ပွဲတဲတိုက်တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဆိပ်ဖြူမြို့နယ် ဦးစီးမှူး ဦးရဲမင်းအောင်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ  ၂ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာ၌ ညောင်ပင်လယ်ပွဲတဲတိုက်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အနက်ပေ ၉၀၀ ရှိ လေးလက်မ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အလျား ၁၀ ပေ ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းကို ငွေကျပ် ၃၀ ဒဿမ ၂ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ JICA တွင်းတူးစက်အမှတ်(DRD - 014)ဖြင့် ဇန်နဝါရီ ၇ ရက်တွင် စတင်တူးဖော်လျက်ရှိကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

အဆိုပါ ညောင်ပင်လယ်ပွဲတဲတိုက်သည် ယခင်နှစ်များတွင် မြေသားမိုးရေလှောင်ကန်မှ ရေများကိုသာ သောက်သုံးရေအဖြစ်သုံးစွဲနေရပြီး နွေရာသီအချိန်အခါ၌ သောက်သုံးရေရှားခြင်းများ ကြုံတွေ့ရ သောကြောင့် နှစ်စဉ်ရေပေးဝေနေရသော တဲတိုက်ဖြစ်ကြောင်း၊ ယခုအခါ စက်ရေတွင်း တူးဖော်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၄ အိမ်၊ လူဦးရေ ၁၂၀ တို့၏ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်မည့်အပြင် ကျေးရွာရှိ ကျွဲ၊ နွား တိရစ္ဆာန်များပါ ရေလုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ဟေမာမြင့် (ကျေးလက်)