ကြို့ပင်ကောက် ၊ ၃ ဖေဖော်ဝါရီ
ကြို့ပင်ကောက်မြို့နယ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်လဲပြို နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ က ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း ဇန်နဝါရီလ(၂၉)ရက်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ဆင်နင်းပင်ကျေးရွာအုပ်စု နင်းညဉ်းဦးကျေးရွာ၊ လိန်ပင်ကွင်း ကျေးရွာအုပ်စု ငှက်သိုက်ရွာနှင့် ထောက်ကြံ့တောရွာတို့တွင် နေအိမ်(၁)လုံးပြိုလဲပြီး နေအိမ်(၆)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်ပျက်စီးနေအိမ်(၆)လုံးအတွက် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဒေါ်ဝင်းမာနှင့် ဝန်ထမ်းများက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေကျပ် ၂၁၀ဝ၀ဝ၊ လူဦးရေ(၂၅)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံငွေကျပ် ၅၂၅၀ဝ၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၆၂၅၀ဝ နှင့် ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့အား ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


