ရေတာရှည်၊ ၃ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ယခု ဆောင်းရာသီကာလ ရိတ်သိမ်းလျက်သည့် ပဲမျိုးစုံကို ကျေးလက်ဒေသများအထိ ကွင်းဆင်းဝယ်ယူများရှိနေရာ စျေးကွက်ကောင်းမွန်လျက်ရှိကြောင်း ပဲစိုက်ပျိုးသည့် တောင်သူများ၏ ပြောပြချက်အရ သိရသည်။
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း အစရှိသည့် ပဲမျိုးများကို ရိတ်သိမ်းနေခြင်းဖြစ်ပြီး လက်ရှိ ရောင်းချရသော စျေး ကွက်အနေအထားအရ မတ်ပဲ တစ်တင်းခွဲအိတ် တစ် အိတ်လျင် ကျပ် ၄ သောင်းခွဲ၊ ပဲတီစိမ်း တစ်အိတ်လျင် ကျပ် ၆ သောင်း ၄ ထောင်၊ ပဲလွန်းမှာ ပဲတီစိမ်းထက် စျေး ပိုမိုရရှိကြောင်း ကုန်းကြီးကျေးရွာအုပ်စု၊ အင်ကြင်းကုန်း ကျေးရွာနေ ပဲစိုက်ပျိုးပြီး လက်ရှိရိတ်သိမ်းနေသည့် တောင်သူ ဒေါ်ကြည်က ပြောပြသည်။
ပဲရိတ်သိမ်းရာတွင် ပဲတီစိမ်းနှင့် ပဲလွန်းမျိုးမှာ အသီးခူးဆွတ်ရခြင်းဖြစ်ပြီး တစ်ဧကလျင် နေ့ဝက်စနစ် ဖြင့် လူ ၂၀ ခန့်ကို တစ်ဦးလျင် နေ့စားခ ငွေကျပ် ၂၅၀၀၊ သုတ်သူကြီးခ ကျပ် ၂၀၀ ပါထပ်ဆောင်းပေးဆောင်ရခြင်း ဖြစ်ပြီ ပဲခင်း အထူအပါးပေါ်မူတည်၍ လူအနည်းအများကွာ ခြားမှုရှိကြောင်း ၎င်းကပင်ဆက်လက်ပြောကြားသည်။
ပဲသီးနှံမှာ စတင်စိုက်ပျိုးပြီး ၁၅ ရက်သားမှ စတင်ပြီး ပိုးသတ်ဆေးမျိုးစုံ၊ အပင်အားဆေး၊ အသီးအားဆေးများကို လုပ်သားများငှားရမ်း၍ တစ်ပတ် သို့မဟုတ် ၁၀ ရက်ခြားတစ်ခါ ဖျန်းပေးရကာ လက်ငင်းစနစ်ဖြင့် ဝယ်ယူခြင်းမဟုတ်ပါက ကျသင့်တန်ဖိုးအပေါ် အတိုးငွေကိုပါ တောင်သူတို့က ပေးဆပ်ကြရခြင်းကြောင်း အဓိကအားဖြင့် သွင်းစုကုန်ကျစရိတ်ကျစရိတ်များမှာ ဆေးမျိုးစုံ ဝယ်ယူရခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရသည်။
“ပဲစိုက်ပျိုးတဲ့ တောင်သူအချင်းချင်း အတွေ့အကြုံ ဖလှယ်ကြတယ် ဘယ်ဆေးက ထိရောက်မှုရှိတယ်။ ဘယ်ဆေးကတော့ မကောင်းဘူးပေါ့။ ၁၀ ဦးကို မေးတော့ ဆယ်မျိုးဖြစ်ကုန်တာပေါ့။ ဟိုဆေးကောင်းနိုးနိုး ဒီဆေး ကောင်းနိုးနိုးနဲ့ချလိုက်တာ ပဲ ၉ ဧကစိုက်ထားတာ ဆေးဖိုးက ၇ သိန်းကျော်သွားပြီ”ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု တံတားကြီးကျေးရွာနေ တောင်သူတစ်ဦး က ပြောပြသည်။ တောင်သူများ ပဲစတင်စိုက်ပျိုးစဉ်က ရာသီဥတုအခြေအနေအရ စပါးရိတ်ပြီး အစောပိုင်းစိုက် ပျိုးသူများအနေဖြင့် အစိုဓာတ်ကောင်းမွန်းခြင်းကြောင့် ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နောက်ကျသူများ အနေဖြင့် အစိုဓာတ်မြေခံ လျော့နဲသည့်အတွက် အစောပိုင်းစိုက်ပျိုးသည့် ပဲခင်းများလောက် ကောင်းမွန်မှုနည်းပါးကာ ဆေးဖိုးကုန်ကျစရိတ် ပိုမိုများပြားသည်ကိုလည်း တွေ့ရသည်။
ရိတ်သိမ်းဆဲ ပဲစိုက်ခင်းများအနေဖြင့် တစ်ဧကလျင် ၁၅ တင်း မှ တင်း ၂၀ နီးပါးအထိ ထွက်ရှိပြီး ထွန်ယက်ခ၊ မျိုးဖိုး၊ ဆေးဖိုး၊ လုပ်သားငှားရမ်းခ၊ ရိတ်ချွေ့ကုန်ကျစရိတ်များရှိသော်လည်း လက်ရှိပေါက်စျေးဖြင့်တွက်ကြည့်လျှင် အကျိုးအမြတ်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)


