ရန်ကုန်၊  ၅  ဖေဖော်ဝါရီ

 

စီးပွားရေးမြို့တော် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမကြီးနှင့်  ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက် လျက်ရှိသော ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် တံတားတစ်စင်းလုံး၏ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။ 

 

 ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရာတွင် လက်ရှိအချိန်၌ ရန်ကုန်မြစ်အတွင်း ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများအနေဖြင့်  PY1၊  PY2 တို့၏ ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ ဒလဘက်ခြမ်းရှိ PY1 အတွက် ဘိုးပိုင် ၂၃ လုံးအနက်    ဘိုးပိုင်  ၂၀  လုံး၊ ရန်ကုန်ဘက်ခြမ်းရှိ PY2 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင် ၂၀   လုံး၊ ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း စုစုပေါင်း ဘိုးပိုင် ၄၀ လုံး ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

 

တံတားတည်ဆောက်ရာတွင် ဒလဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင်ပေါင်း ၁၄၁ လုံး အနက် ဘိုးပိုင် ၁၂၅  လုံး ပြီးစီးလျက်ရှိရာ ရာခိုင်နှုန်းအားဖြင့်  ၈၆.၉ ရာခိုင်နှုန်း၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားအတွက် ဘိုးပိုင်ပေါင်း  ၈၂ လုံး အနက် ဘိုးပိုင် ၇၁ လုံးပြီးစီးပြီ  ရာခိုင်နှုန်းအားဖြင့် ၈၈.၇ ရာခိုင်နှုန်းပြီးစီးလျက်ရှိကြောင်း၊ တံတားတစ်စင်းလုံး၏ ဘိုးပိုင်စုစုပေါင်း ၃၆၉ လုံး ရှိသည့် အနက် ဘိုးပိုင် စုစုပေါင်း ၂၅၅ လုံး ဆောင်ရွက်ပြီးစီးကြောင်း ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတား တည်ဆောက်ရေးစီမံကိန်းမှ သိရသည်။ 

 

ထို့အတူ ရန်ကုန်ဘက်ခြမ်း ဆင်ခြေလျှောတံတား Ram A ဘိုးပိုင် ၄၈ လုံး အနက်  ဘိုးပိုင် ၄ လုံး၊  Ram B ဘိုးပိုင် ၅၂ လုံး အနက် ဘိုးပိုင် ၁၅ လုံး တူးဖော်ပြီးစီးလျက်ရှိသည်။  လက်ရှိအချိန်တွင် တံတားတည်ဆောက်ရေး လုပ်ငန်းများကို   ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တံတားတစ်စင်းလုံး၏  ၂၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

 

ရန်ကုန်မြစ်အတွင်း ရေလယ်ပင်မတံတား ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တံတား စီမံကိန်း ဧရိယာ လုပ်ငန်းခွင်နှင့်  ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းစေရေးအတွက်  တံတားတည်ဆောက်ရေး စီမံကိန်းမှ ရေယာဉ်ငယ် ၂ စီး ဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိရာ  ဖြတ်သန်းသွားလာကြမည့် သင်္ဘောများ၊ ငါးဖမ်း သင်္ဘောများ၊ မြစ်တွင်းသွားရေယာဉ်များအနေဖြင့် အချက်ပြဗော်ယာများကို မြစ်အတွင်းရှိ ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်ခြမ်းတို့တွင် အမှတ်အသားများ ထားရှိပြီး  သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ဖြတ်သန်း မောင်းနှင်ရမည်ဖြစ်ကြောင်းသိရသည်။

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားမှာ စုစုပေါင်း အရှည် ၆၁၂၈ ပေ၊ ပင်မတံတား အရှည် ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၁၈၉၁ ပေ၊  ချဉ်းကပ်တံတား အကျယ်(နှစ်လမ်းသွား) ၄၇ ပေ၊ ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (လေးလမ်းသွား) ၆၈ ပေ၊ ပင်မတံတားအကျယ်(လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန်ဘက်ခြမ်း ဆင်ခြေလျှောတံတားများအကျယ်(တစ်လမ်းသွား) ၂၃ ပေ၊  ရေလမ်းကင်းလွတ်အမြင့် ၁၆၀ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၉၈၈ ပေ၊ တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း ၇၅ တန်၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ၌ သံမဏိကြိုးဆိုင်းတံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံး တံတားတစ်စင်းဖြစ်ကြောင်း ၊ တံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

 

ဒလမြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဒေသခံပြည်သူများ၊ နယ်မြေတစ်ဆက်တည်း ရှိသော  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများပါ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့  အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကာ ကုန်စည်းစီးဆင်းမှုများ၊ လူ့စွမ်းအား အရင်းအမြစ်များ၊ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်သည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)