ပွင့်ဖြူ   ၊ ၅  ဖေဖော်ဝါရီ      

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးရာသီတွင်စိုက်ပျိုးခဲ့သည့် ကြက်သွန်နီ စိုက်ခင်းများ နုတ်သိမ်းချိန်တွင် ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းနေသဖြင့် သီးနှံဝင်ငွေ အကျိုးအမြတ် နည်းပါးခဲ့သည့်အတွက် နွေရာသီ ကြက်သွန်နီး ဈေးကွက်တွင် ဈေးကောင်းရရှိရေး မျှော်လင့်၍ စီးပွားဖြစ် အားထားစိုက်ပျိုး လုပ်ကိုင်နေကြကြောင်းနှင့် ထိုသို့ ကြက်သွန်နီ သီးနှံစိုက်ပျိုးရာတွင်လည်း ဉစိုက်ပျိုးခြင်းအစား အထွက်နှုန်းကောင်းသော ပျိုးပင်စိုက်ပျိုးနည်းစနစ်ကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင်  စပါး ၊ နှမ်း ၊ မြေပဲ ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ နေကြာ ၊ ကုလားပဲသီးနှံနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးကြကြောင်းနှင့် ကြက်သွန်နီသီးနှံအား သုံးရာသီ စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းမှုရှိကာ အထွက်နှုန်းများကောင်းမွန်ခဲ့သော်လည်း  လက်ရှိတွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းနေ၍ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်နည်းပါးကာ  လုပ်ငန်းအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေဟာ မုန်းချောင်းရေနဲ့ ကိုယ်ပိုင် စက်ရေတွင်းများဖြင့် ကြက်သွန်နီကို (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒီနှစ်မှာတော့ မိုးကြက်သွန်နီတွေ လှိုင်လှိုင်ပေါ်ချိန်မှာ  ဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၃၀ဝ ၊ ၄၀ဝ လောက်သာ ရောင်းချရလို့ စိုက်ပျိုးစရိတ်နဲ့တွက်ရင် တွက်ချေမကိုက်ဘူး ဖြစ်နေပါတယ်။ ပြီးခဲ့နှစ်တုန်းက ယခုလို မိုးကြက်သွန်နီပေါ်ချိန်မှာ တစ်ပိဿာကို ငွေကျပ် ၁၅၀ဝ ၊ ၂၀ဝ၀ နှုန်းနဲ့ ရောင်းချရတော့ ကြက်သွန်နီစိုက်ပျိုးတဲ့တောင်သူတွေ အားလုံးအဆင်ပြေပါတယ်။ ယခုနှစ်မှာတော့ ကြက်သွန်နီဈေးနှုန်းက ထင်မထားတဲ့ ဈေးနှုန်းတွေဖြစ်လို့ အဆင်မပြေဘူးပေါ့ဗျာ ။ အရင်းအနှီးစရိတ်နဲ့ တွက်ရင် အကျိုးအမြတ်မရဘူး။  ဒါ့ကြောင့် တောင်သူတွေက နွေရာသီကာလမှာ ကြက်သွန်နီ ဈေးကောင်းရရှိဖို့အတွက် မျှော်လင့်ပြီးတော့ အားထားစိုက်ပျိုးလုပ်ကိုင် နေကြပါတယ်။ အဲဒီလို စိုက်ပျိုးရာမှာ ယခင်နှစ်တွေက ဉစိုက်စနစ်နဲ့ စိုက်ပျိုးကြပြီး ယခုနှစ်မှာတော့ တောင်သူ အများစုက ကြက်သွန်နီ ပိုပြီးအထွက်တိုးတဲ့ ပျိုးပင်စိုက်နည်းစနစ်နဲ့ ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်နေကြပါတယ် ။ နောက်ပြီး ပျိုးပင်ဝယ်ယူပြီးစိုက်ပျိုးခြင်းဟာ ဉစိုက်စနစ်နဲ့ စိုက်ပျိုးမှုထက် ကုန်ကျစရိတ်လဲ သက်သာစေပါတယ်။ နွေကြက်သွန်နီဈေးကွက်ကို မျှော်မှန်းပြီးတော့ စိုက်ပျိုးရတာဖြစ်လို့ ဈေးကောင်း ရရှိဖို့အတွက် တောင်သူတွေအနေနဲ့ မျှော်လင့်နေကြပါတယ် ဟု ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူဦးရဲမင်းက ပြောသည်။

 

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြသည့် ကျေးရွာများမှာ အင်းနက်ကျေးရွာ၊ ညောင်ပင်စောက်ကျေးရွာ၊ မဲဇလီကျေးရွာ ၊ ဆည်တော်ကျေးရွာ ၊ ကြူဝင်းကျေးရွာ ၊ အနောက်လေးအိမ် ကျေးရွာ ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ ၊ ထူးပေါက်ကျေးရွာ ၊ ကျွဲခြံကျေးရွာ ၊ လယ်မကျေးရွာတို့ဖြစ်ပြီး မုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ထိုသို့ ကြက်သွန်နီစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက မိုးရာသီနှင့် ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် ( ပြန်/ဆက် )