ဘုတလင် ၊ ၅  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အစီအစဉ်ဖြင့် အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များကို ဖေဖော်ဝါရီလ ပထမပတ်က စတင်ပြီး ဗီတာမင်-အေ အားဆေးများ တိုက်ကျွေးပေးကြောင်း မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဖြိုးကျော်အောင်ထံမှ သိရသည်။

 

mdn

 

ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၆)လမှ (၂)နှစ်အထိ ကလေးငယ်များကို ဗီတာမင်-အေ တစ်သိန်းအားဆေး၊ အသက်(၂)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များကို ဗီတာမင်-အေ နှစ်သိန်း အားဆေးနှင့် သံချဆေးများကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းတိုက်ကျွေးပေးသည်။

 

ဗီတာမင်-အေ အားဆေးက အမြင်အာရုံကို ကြည်လင်စေပြီး ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိက ကျပါတယ်။ ကိုယ်ခံအားစနစ် ကောင်းမွန်တဲ့အတွက် ဖျားနာမှုတွေ ကင်းဝေးစေပါတယ်။ တကယ်လို့ ဖျားခဲ့ရင်လည်း ဖျားနာမှု မပြင်းထန်နိုင်ပါဘူး။ ကလေးတွေမှာ ဗီတာမင်-အေချို့တဲ့ရင် ကြက်မျက်သင့် ရောဂါ၊ မျက်သားအဖြူနဲ့ မျက်ကြည်လွှာ ချောက်သွေ့ပြီး အနာပေါက်တတ်ပါတယ်။ အပြင်တိမ်ဆွဲပြီး မျက်စိကွယ်တဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် ကလေးတွေကို ဗီတာမင်-အေ အားဆေး တိုက်ကျွေး ပေးတာပါဟု မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောသည်။

 

ဘုတလင်မြို့နယ်တွင် အသက်(၆)လမှ (၂)နှစ်အထိ ကလေးငယ် ၁၀၂၅ ဦး၊ အသက်(၂)နှစ်မှ (၅) နှစ်အထိ ကလေးငယ် ၉၀၇၇ ဦး စုစုပေါင်း ကလေးငယ် ၁၀၁၀၂ ဦးကို လျာထားတိုက်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)