ရန်ကုန် ၊ ၅ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့ရှိ အသက် ၆၅ နှစ် အထက် သက်ကြီးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ အဆိုပါ မြို့နယ်တို့ရှိ စာသင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
“ ဒီနေ့ကတော့ သတ်မှတ်ထားတဲ့အတိုင်းပါပဲ။ ပြည်သူလူထုကြီးထဲက အုပ်စုကြီးတစ်စုဖြစ်တဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးပေးတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာတော့ ၃၄ မြို့နယ်မှာ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ၃၄ မြို့နယ်မှာ ဒီနေ့စတင်ကာကွယ်ဆေး ထိုးပေးတာက ဒဂုံ၊ ပန်းဘဲတန်းနဲ့ ဗိုလ်တထောင်မြို့နယ်တွေကို ကာကွယ်ဆေး စတင်ထိုးနှံ ပေးတာဖြစ်ပါ တယ်။ ရပ်ကွက်အလိုက် ထိုးနှံပေးသွားမှာ ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ပုံမှန်အစီစဉ်အတိုင်း သွားနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် က ပြောသည်။
ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဒဂုံမြို့နယ်တွင် အထက(၁)(ဒဂုံ)၊ ပန်းဘဲတန်း မြို့နယ်တွင် အထက(၁)(ပန်းဘဲတန်း) နှင့် ဗိုလ်တထောင်မြို့နယ်တွင် အထက(၄) (ဗိုလ်တထောင်)တို့တွင် စီစဉ် ဆောင်ရွက်ထားပြီး ကာကွယ်ဆေးထိုးနှံကြသည့် သက်ကြီးများ အရေးပေါ်ကျန်းမာရေး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အချိန်မီ ကုသနိုင် ရန် ကျန်းမာရေးဌာနမှ ဆေးအဖွဲ့များ၊ အရေးပေါ် လူနာတင်ယာဉ်များ၊ အောက်ဆီဂျင်အိုးများကို စီစဉ်ဆောင်ရွက်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမည့်သူမှာ ကောက်ယူထားသည့် စာရင်းများအရ အသက် ၁၈ နှစ်အထက် လူဦးရေ ၅၉ သိန်းကျော်ရှိပြီး အသက် ၆၅ နှစ်အထက် သက်ကြီးဦးရေ သုံးသိန်းရှစ်သောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနသိရသည်။
ကနဦးအနေဖြင့် ဇန်နဝါရီ ၂၇ ရက်က ကိုဗစ်ကာကွယ်ဆေးကို ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျန်းမာရေး ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင် နေသည့် စေတနာ့ ဝန်ထမ်း စုစုပေါင်း ၂၅၀၀၀ ခန့်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)


