နေပြည်တော် ၊ ၅ ဖေဖော်ဝါရီ

နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်းများအား ယနေ့တွင်  နေပြည်တော်ရှိ သားဖွားသင်တန်းကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးကြသည်။ 

နံနက်ပိုင်းမှ စတင်၍ ကိုဗစ် - ၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံခြင်းကို ဆောင်ရွက်ရာ ယာယီသမ္မတ ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဉီးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်း မပြုမီကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြောင်း၊ ယခု ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုး နှံပြီးသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံသွားရမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)