နေပြည်တော် ၅ ဖေဖော်ဝါရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက တည်ဆောက်ဖွင့်လှစ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာ သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ကြီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူများက သင်တန်းကျောင်းဖွင့်လှစ်နိုင်မှုနှင့် ကိုဗစ်-၁၉ ကာလအတွင်း သင်တန်းကျောင်း ခေတ္တပိတ်ထားစဉ်ကာလ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောက်စိမ်း၊ ကျောက်မျက်များကို အရိုင်းတုံးအတိုင်း တင်ပို့ရောင်းချရာမှ တန်ဖိုးမြှင့်အချောထည်အဖြစ် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းသွားစေလိုကြောင်း၊ မြန်မာ့ကျောက်မျက် ရတနာသင်တန်းကျောင်း သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးတို့တွင် အရေးပါသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်/ညွှန်ကြားချက် များနှင့်အညီပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက အဆင်သင့်ဖြစ်စေရေး စီစဉ်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ သင်တန်းပို့ချမှုနှင့် စပ်လျဉ်း၍မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ အချောထည်ထုတ်လုပ်မှု အပိုင်းတွင်လည်း ပြည်ပနိုင်ငံများက ကြိုက်နှစ်သက်သည့် လက်ရာဒီဇိုင်းမျိုး တီထွင်ဖန်တီးထုတ်လုပ်ရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်စိမ်းပန်းပုသင်တန်းခန်းမ၊ ကွန်ပျူတာဒီဇိုင်း သင်တန်းခန်းမ၊ မိုလောင်းသင်တန်းခန်းမ၊ ဖယောင်းမိုထွင်းသင်တန်းခန်းမ၊ ကျောက်စိမ်း CNC သင်တန်း ခန်းမ၊ ကျောက်မျက်သွေးသင်တန်းခန်းမ၊ ကျောက်စိမ်းပုတီးနှင့် လက်ကောက်သင်တန်းခန်းမများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ ယခင်ကျောက်မျက်ရတနာပြပွဲများ ကျင်းပသည့် မဏိရတနာကျောက်စိမ်း ခန်းမကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


