ရန်ကုန် ၊  ၅  ဖေဖော်ဝါရီ    

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အောက်ရှိ  ရန်ကုန်အခြေပြုအဝေးပြေးယာဉ်လိုင်းများကို လုံးဝပိတ်သိမ်းမှုမရှိဘဲ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးသို့ စဉ်ဆက်မပြတ် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း YRTA ရုံးမှ သိရသည်။ 

“ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ အရင်ကတည်းက အမိန့်တွေ၊ စာတွေ ထုတ်ပြန်ပြီး ပိတ်သိမ်းထားတာ မရှိပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်တကည်းကအတိုင်း လက်ရှိလည်း ပုံမှန်ယာဉ်လိုင်းတွေ ပြေးဆွဲပေးနေပါတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာတဲ့ကာလမှာလည်း ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ အမိန်ညွှန်ကြား ချက်များနဲ့အညီ လက်ရှိမှာလည်း ပြေးဆွဲပေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မြန်မာ့အလင်းသို့ ပြောကြားသည်။ 

YRTA လက်အောက်ရှိ ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်းများကို ကိုဗစ်-၁၉ ကပ်ရောဂါ စတင် ဖြစ်ပွားကတည်းက ပိတ်သိမ်းခဲ့ခြင်းမရှိဘဲ ယာဉ်လိုင်းအလိုက် နိုင်ငံတစ်ဝန်းမှ မြို့နယ်အသီးသီးသို့ ပြေးဆွဲပေးလျက်ရှိသည်။ 

ယင်းသို့ပြေးဆွဲပေးရာတွင်  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသောကာလတွင် ထုတ်ပြန်ထားသော ကာကွယ်ရေးနှင့် ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းချက်များအညီ  ယာဉ်လိုင်းများ လိုက်နာပြေးဆွဲနိုင်ရေး YRTA မှ ကွပ်ကဲကြီးကြပ်ပေးခဲ့သည်။ 

သို့သော် လိုက်ပါစီးနင်းသည့် ခရီးသည်မရှိခြင်းကြောင့် ခရီးစဉ်လိုင်းအချို့ ရပ်နားခဲ့သော်လည်း အချို့ ယာဉ်လိုင်းများမှာ ယနေ့အချိန်ထိ ကုန်စည်ပို့ဆောင်စီးဆင်းမှု အဆင်ပြေစေရန်အတွက် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ဆက်လက်သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)၏ အောက်ရှိ အဝေးပြေးယာဉ်လိုင်းများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မြို့ပေါင်း ၂၅ မြို့ ဝန်းကျင်ကို  ယာဉ်လိုင်းပေါင်း ၃၅ လိုင်းဝန်းကျင်မှ ယာဉ်စီးရေနေ့စဉ် ၅၀ ကျော် ပြေးဆွဲပေးလျက်ရှိ သည်။ လတ်တလော ပြေးဆွဲပေးနေသော ယာဉ်လိုင်းအများစုမှာ ခရီးသည်လိုက် ပါစီးနင်းမှုနည်း၍  ပါဆယ်ကုန်များကိုသာ ဦးစားပေးသယ်ဆောင် ပြေးဆွဲပေးလျက်ရှိပြီး  ယခုအခါ ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်းများကို အောင်မင်္ဂလာအဝေးပြေးကားကွင်းနှင့် ဒဂုံဧရာအဝေးပြေးကားကွင်း နှစ်ခုစလုံးမှ အဝေးပြေးယာဉ်လိုင်းများ နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ 

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်