နေပြည်တော် ၊ ၅ ဖေဖော်ဝါရီ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တာဝန်ဖြစ်သည့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်ရေးအတွက် ပြည်သူလူထု၏အကျိုးကို ဦးထိပ်ပန်ဆင်၍ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်ရန် ရည်မှန်းချက်ထားကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ရေးစံများ၊ တည်ဆဲအမိန့်၊ ညွှန်ကြားချက်များအတိုင်း ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကိုစစ်ဆေးဆောင်ရွက်ရာတွင် စာရင်းစစ်စံများနှင့်အညီ စစ်ဆေးဆောင်ရွက် သွားရန်လိုကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လုပ်ငန်းများကို တိကျမှန်ကန်မြန်ဆန်စွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


