ပဲခူး၊ ၇ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးကောင်စီဝင်များနှင့်အတူ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) တည်ဆောက်ပြီးစီးမှုနှင့် မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) ရှင်းလင်း‌ဆောင်၌ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)မှ တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဒေါ်စုမွန်ကျော်က မြို့ဦးကင်းတံတား တည်ဆောက်ခဲ့မှုအခြေအနေများအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက မြို့ဦးကင်းတံတားနှင့် ချိတ်ဆက်မည့် မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတားတည်ဆောက်နေမှု အခြေအနေ၊ ပဲခူးမြို့အရှေ့ဘက် မြို့ရှောင်လမ်း ဖောက်လုပ်နေမှုအ‌ခြေအနေနှင့် မြေယာလျော်ကြေးပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တံတားတည်ဆောက်ပြီးစီးသွားသော်လည်း ရေရှည်တည်တံ့နိုင်ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန်၊ တည်ဆောက်ဆဲ မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတားအား စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား တင်ဒါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များသည် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတား တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)မှာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးသွားပြီး မဂ္ဂတစ်လမ်းပေါ်ရှိ ကျုံးကူးတံတားသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၅၆ ဒသမ ၈၄၃)သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၆၂၀)သန်း၊ စုစုပေါင်းကျပ်သန်း (၁၇၇၆ ဒသမ ၈၄၃)သန်းဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူကာ တံတားအရှည်(၂၁၀)ပေ၊ အကျယ် (၂၄)ပေရှိ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်တံတားအဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်က စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ယခုအခါ(၃၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn