စစ်တွေ ၇ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဆရာတော်ကြီးများအား ဖူးမြော်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်ရှိ တောင်တန်းသာသနာပြု ပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဘောလုံးကွင်းရပ်ကွက်ရှိ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ဆရာတော်တို့အား ဖူးမြော်ပြီး လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းဘူး-အမ်း-စစ်တွေ အဝေးပြေးကားလမ်းမကြီးအား နိုင်လွန်က္တရာ(AC) ခင်းခြင်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မြင့်က နိုင်လွန်က္တရာ(AC) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လိုအပ်သောပစ္စည်းများ စုဆောင်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မီးစက်ကြီးလမ်းဆုံအဝိုင်းမှ စတင်ကာ နိုင်လွန်ကတ္တရာခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ မင်းဘူး-အမ်း-စစ်တွေ အဝေးပြေး ကားလမ်းမကြီးအား နိုင်လွန်ကတ္တရာ(AC) ခင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို စစ်တွေမြို့ မီးစက်ကြီးလမ်းဆုံအဝိုင်းမှ (MRTV) မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံထိ ၄၈ ပေ အကျယ် ၂ မိုင် ၃ ဖာလုံ ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းကို ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၂၃၆၇ ဒသမ ၄၀ သန်းဖြင့် စစ်တွေခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


