ရန်ကုန်၊    ဖေဖော်ဝါရီ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

 

ထိုသို့ဖူးမြော်ကြည်ညိုစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ချက် များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဘုရားစေတီများအား ရဟန်းရှင်လူပြည်သူများ ဖူးမြော်ကြည်ညို ခွင့်ရရှိနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ တားဆီး ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ သာသနာရေး ကိစ္စ ဆောင်ရွက်ရာတွင် သာသနာတော် တည်တံ့ပြန့်ပွားစေရေး၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာ တော် တိုးတက်ထွန်းကားစေရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီးထံမှ သြဝါဒကထာများ နာယူကြည်ညိုကြသည်။

 

မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့ရှိ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖူးမြော်ကြည်ညိုခွင့်ပြုနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် စေတီတော်မြတ်ကြီးကို ဖူးမြော်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက် က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ စနစ်တကျ ဖူးမြော်ကြည်ညိုနိုင်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။

သတင်းစဉ်