နေပြည်တော် ၈ ဖေဖော်ဝါရီ
ဆေးဝါးကုသရန်ခက်ခဲလျက်ရှိသော သံဃာတော်များ၊ ဒေသခံပြည်သူများလိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများကို ပြင်ဆင် ဆောင်ရွက်ထားရှိကာ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံတွင် ဆေးရုံလာရောက်ပြသသူ ၂၄ ဦးရှိပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူ ၁၇ ဦးရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံလာရောက်ပြသနေသူများနှင့် ဆေးရုံတက်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ပြည်သူများအား စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ သံဃာတော်တစ်ပါးနှင့် ဒေသခံ ပြည်သူ ၂၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ဒေသခံပြည်သူ ၁၅ ဦးနှင့် ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ဒေသခံပြည်သူ ၁၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ဒေသခံပြည်သူ ၇၆ ဦး၊ ချင်းပြည်နယ် ဟားခါးမြို့ရှိ နယ်မြေခံတပ်နယ်ဆေးတပ်ဆွယ်၌ ဖွင့်လှစ်ထားရှိသည့် ယာယီကုသရေးဆေးရုံသို့ ဒေသခံတိုင်းရင်းသားပြည်သူ ၁၄ ဦး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နယ်မြေခံတပ်ရင်းရှိ ယာယီကုသရေးဆေးရုံသို့ ဒေသခံ ပြည်သူ ၁၂ ဦး လာရောက်ပြသကြရာ တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသရန် လိုအပ်သူများကို ခွဲစိတ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ချယ်ရီမွန်ဘော်ဒါဆောင်နှင့် ပုသိမ်တပ်နယ် အားကစား ခန်းမတို့တွင်လည်း ဒေသခံပြည်သူများဆေးရုံတက်ရောက် ကုသနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက်တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


