ပဲခူး၊ ၈ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ (၁)နှစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် မူဝါဒ၊ စီးပွားရေးနှင့်ပတ်သက်သည့် မူဝါဒ၊ လက်ရှိသွားနေသည့် နိုင်ငံရေးလမ်းစဉ်အပေါ်တွင် လုံးဝပြောင်းလဲခြင်း မရှိကြောင်း၊ ဆောက်လုပ်ဆဲလုပ်ငန်းများ လုပ်ဆောင်နေသည်များရှိကြောင်း၊ ဆက်လက်၍ စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကောလာဟလသတင်းများအား Social Media နှင့် တယ်လီဖုန်း စာတိုပေးပို့ခြင်းတို့မှတစ်ဆင့် ဖြန့်ဝေ၍ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းနေမှုများ ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိသည်ကိုလည်း ကြားသိနေရကြောင်း၊ ဒါကြောင့် ဘာသာပေါင်းစုံအဖွဲ့များအနေဖြင့် မိမိတို့၏ ဘာသာတစ်ခုချင်းအလိုက် ကောလာဟလသတင်းများကို မယုံမိစေရန်နှင့် ဘာသာရေးအဓိကရုဏ်း မဖြစ်ပေါ်စေရေး အသိပေးခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဘာသာပေါင်းစုံ အဖွဲ့ဝင်များက လက်ရှိနိုင်ငံတော်အစိုးရနှင့်အတူ ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရေး၊ ကောလာဟလ သတင်းအမှားများကြောင့် မိမိတို့ ဘာသာဝင်အချင်းချင်း ပဋိပက္ခများမဖြစ်စေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခုလို ဘာသာပေါင်းစုံအဖွဲ့များမှ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည်ကို သိရှိရ၍ ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဘာသာပေါင်းစုံအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


