ကန့်ဘလူ၊ ၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မိသားစုအပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက် သီးနှံစားပင်များကိုလည်း ပိုမိုစိုက်ပျိုးလာကြသည်။ ယင်းသို့စိုက်ပျိုးကြရာတွင် ယမန်နှစ် အောက်တိုဘာလက စိုက်ပျိုးခဲ့သော သာမို-၁၁ ငရုတ်များမှာ အောင်မြင်ဖြစ်ထွန်းပြီး ယခုအခါ တစ်ပိဿာ ၁၂၀၀ ကျပ်ဖြင့် စတင်ရောင်းချရပြီဖြစ်ကြောင်း ညောင်ပင်(ရွာမ)ကျေးရွာနေ တောင်သူဦးသောင်းငွေထံမှ သိရသည်။
သာမို-၁၁ ငရုတ်မျိုးစေ့ကို တစ်ထုပ်လျှင် ငွေကျပ် တစ်သောင်းပေးရပြီး ပျိုးအိတ်ဖြင့်အရင်ပျိုးကာ ၂၅ ရက်သားခန့်တွင် မြေပြင်ပေါင်များ၌ ရွှေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်။ မြေအောက်ရေကို စနစ်တကျအသုံးပြုပြီး ငါးရက်တစ်ခါ ရေလောင်းပေးရသည်။ မြေဩဇာအနေဖြင့် သဘာဝမြေဩဇာများဖြစ်သည့် နှောက်ချေး၊ ကြက်ချေးများကိုသာ အသုံးပြုပြီး အပင်ပြုစုမှုကောင်းမွန်ပါက လေးလသားမှ တစ်နှစ်ခွဲအထိ ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။
ထို့ပြင် အခြားစားပင်သီးနှံများဖြစ်သည့် ခရမ်းချဉ်သီး၊ ဖူးစားမုန်ညှင်း၊ ပဲနီထောပတ်၊ ပဲထောင့်ရှည်(ပဲလက်ညှိုးသီး)ပင်များလည်း စိုက်ပျိုးပြီး ဆက်လက်၍ ၆၉၂ ငရုတ်မျိုးကိုလည်း ထပ်မံစိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူဦးသောင်းငွေက ပြောကြားသည်။ ယခုအခါ တောင်သူအများစုသည် စားပင်သီးနှံများစိုက်ပျိုးရာတွင် သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းအစား စျေးကွက်အခြေအနေပေါ်မူတည်၍ သီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


