ညောင်ဦး၊ ၈ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုတ်သီးအမြောက်အများ စိုက်ပျိုးသည့်ကျေးရွာများဖြစ်ကြကာ ငရုတ်သီးများ ရင့်မှည့်ဆွတ်ခူးရောင်းချချိန် ငရုတ်မျိုးပေါ်မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာမှ ဒေါ်နီလုံးထံက သိရသည်။
ညောင်ဦးမြို့နယ် ငရုတ်စိုက်ပျိုးတောင်သူများသည် မြေအောက်ရေတူးဖော်ကာ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြကာ ဈေးနှုန်းကောင်းနိုးရာရာ သီးနှံများစိုက်ပျိုးကြသည်။ ယခုနှစ်တွင်လည်း ငရုတ်စိုက်ပျိုးကြ၍ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းလည်း ကောင်းမွန်ကာ ငရုတ်သီးဈေးနှုန်းမျိုးအပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားသွားကြောင်း သိရသည်။ မြေအောက်ရေသွင်းစိုက်ပျိုးကြသည့် ညောင်ဦးမြို့နယ် ငရုတ်စိုက်ပျိုးတောင်သူများသည် မျှားနီတံဆိပ် အောက်ဆွဲသီးနှင့် မျှားနီတံဆိပ်မိုး ထောင်သီးနှစ်မျိုးစိုက်ပျိုးကြကြောင်း၊ ငရုတ်သီးဆွတ်ခူးရောင်းချချိန် မျှားနီတံဆိပ် အောက်ဆွဲသီးတစ်ပိသာ ၆၀၀ ကျပ် ရောင်းချရပြီး မျှားနီတံဆိပ်မိုးထောင်သီး တစ်ပိသာ ၁၄၀၀ ကျပ် ရောင်းချရကြောင်း ငရုတ်စိုက်တောင်သူ ဦးဝင်းတင့်က ရှင်းပြသည်။
ငရုတ်စိုက်ပျိုးခြင်းအား အစေ့ပျိုးဘောင်ဖြင့် ပျိုးထောင်ကြကာ ၄၅ ရက်သားရှိလျှင် စိုက်မည့်စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ ရွှေ့ပြောင်းစိုက်ပျိုးပြီး တစ်လခွဲအချိန်တွင် အဖူးအပွင့်ပွင့်ကာ အသီးစတင်သီးပြီး ငရုတ်သီးရင့်ချိန် ခူးရောင်းကြကြောင်း သိရသည်။ ငရုတ်သီးခူးသမတစ်ဦး တစ်နေကုန် သုံးထောင်ကျပ်ပေးရပြီး ထွက်ရှိလာသည့် ငရုတ်သီးများအား ပခုက္ကူဈေးကွက်၊ ညောင်ဦးဈေးကွက်၊ မြင်းခြံ၊ မန္တလေးသို့ ကိုယ်တိုင်သွားရောက်ရောင်းချခြင်း၊ ငရုတ်သီးပွဲစားများ လာရောက်ဝယ်ယူခြင်းများရှိကြောင်း သိရကာ မိုးထောင်ငရုတ်သီးနှင့် အောက်ဆွဲသီးဈေးနှုန်းမှာလည်း ဈေးနှုန်းကွာခြားကြောင်း ငရုတ်စိုက်တောင်သူများက ရှင်းပြသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


