မော်လမြိုင်ကျွန်း၊ ၈ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ကြပ်စဉ်ချောင်းကျေးရွာအုပ်စု ကွင်းချောင်းကျေးရွာချောင်းမကြီးအား ကွန်ကရစ်ချောင်းကူးတံတားအဖြစ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်ချောင်းကူးတံတားကြီးအား လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ရည်ရွယ်လျက် ကျေးရွာချင်းဆက် ဆက်သွယ်လမ်းများ ဖောက်လုပ်ပြီးနောက် ရာဇူဒိုင်၊ ကညင်ချောင်း၊ ဖိုးခမှီဒေါင့် ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာအုပ်စုပေါင်း (၇)အုပ်စုနှင့် ရွာပေါင်း(၅၃)ရွာမှ ဒေသခံပြည်သူပေါင်း (၂)သောင်းကျော်ခန့်၊ မော်လမြိုင်ကျွန်းမြို့သို့ သွားလာမှုမြန်ဆန်လွယ်ကူစေရန်အတွက် ကြပ်စဉ်ချောင်းကျေးရွာအုပ်စုနှင့် တယ်ချောင်းကျေးရွာအုပ်စုကြားရှိ ကွင်းချောင်းကျေးရွာ ချောင်းမကြီးအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်ချောင်းကူးတံတားမှာ အလျား(၁၄၀)ပေ၊ အကျယ်(၂၀)ပေရှိပြီး ငွေကျပ် ၄၃၂၀ သိန်း အကုန်အကျခံ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ တံတားကြီးပြီးစီးသွားပါက ကျေးလက်နေပြည်သူများ မော်လမြိုင်ကျွန်းမြို့သို့ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကြပ်စဉ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောပြသည်။

 

သတင်း- မောင်ယဉ်ဦး

ဓါတ်ပုံ- ထွန်းထွန်းနိုင်

 

mdn