ဝန်းသို၊ ၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့်ဈေးကွက်သို့ လျင်မြန်စွာရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ကုန်ထုတ်လမ်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် ဝန်းသိုမြို့နယ်၏ နယ်နိမိတ်အဆုံး အောင်းပင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ အင်ဂျင်နီယာများဖြစ်ကြသော ဒေါ်ဇာဇာထွန်း၊ ဒေါ်အိမွန်ဟိန်းနှင့် ဝန်ထမ်းများလိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အောင်းပင်ကျေးရွာ ကုန်ထုတ်လမ်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော ရွှေသိန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယင်းလမ်းမှာ အရှည် (၂)မိုင်၊ အကျယ် ၁၂ ပေ၊ မြေသား(၂)ပေနှင့် ဂျင်းမြေ (၉)ထု ခင်းကြိတ်ခြင်းကို တင်ဒါအောင်မြင်ငွေ (၈၉ ဒသမ ၉)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသော သိပ်သည်းမှုရရှိစေရေး ထပ်မံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်ဖာလုံတစ်တိုင်နူန်း ဖာလုံတိုင်များ စိုက်ထားပေးရန်လိုအပ်ကြောင်း၊ ရေပြွန်ထည့်ရမည့်နေရာ/ ရေသွင်းမြောင်းများရှိသည့် နေရာများတွင် ရေပြွန်နှင့် အခြားလိုအပ်ချက်များကို ကုမ္ပဏီမှ တာဝန်ရှိသူနှင့် ကျေးရွာလမ်းကော်မတီတို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


