ရန်ကုန်၊ ၈ ဖေဖော်ဝါရီ
အများပြည်သူ ရန်ကုန်မြို့သို့ ခရီးသွားလာမှုလွယ်ကူစေရန် ဖေဖော်ဝါရီ ၅ ရက်မှစ၍ ရန်ကုန် - ဥက္ကံခေါက်တိုရ ထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲခဲ့ရာ ခရီးသွားပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဥက္ကံဘူတာမှ နံက် ၆ နာရီတွင် ထွက်ခွာသော RBE တွဲ ၅ တွဲ ချိတ်ဆက်ထားသည့် ခေါက်တိုရထားမှာ ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီခွဲ ရောက်ရှိပြီး ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီခွဲ ပြန်လည်ထွက်ခွာ၍ ဥက္ကံဘူတာသို့ ည ၈ နာရီ ပြန်လည်ဆိုက်ကပ်လျက် နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ အလုပ်သမားများနှင့် တညင်းကုန်းဈေးတွင် ကုန်စိမ်းကြိုသောဈေးသည်များ သွားလာရေးအဆင်ပြေလျက်ရှိပြီး ခရီးစဉ်အစ၊ အဆုံးဝန်ဆောင်ခမှာ ကျပ် ၆၀၀ ဖြစ်သည်။
“ရန်ကုန်-ဥက္ကံ ခေါက်တိုရထားပြေးဆွဲမှုကို ၂၀၂၀-ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှာ ပိတ်ခဲ့တယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားတာ ဒီလ ၅ ရက်နေ့မှာ ပြန်ပြီးပြေးဆွဲတာပါ။ ရထားလိုင်းပြန်ဖွင့်တာ အချို့လည်း မသိကြသေးဘူး။ ရန်ကုန်မြို့ကို ဝန်ထမ်းတွေအပြင် ကုန်စည်စီးဆင်းမှုအတွက်လည်း အားထားတဲ့ ရထားလိုင်းဖြစ်တဲ့အတွက် ခရီးစဥ် ပြန်ပြီး ယခင်လိုစည်ကားလာမှာပါ။ ခရီးသွားတွေ အဆင်ပြေတယ် သိရတဲ့အတွက် မြန်မာ့မီးရထားအနေနဲ့ ပီတိဖြစ်ရပါတယ်”ဟု ဥက္ကံဘူတာမှရုံပိုင် ဦးစက်အောင်က ပြောသည်။
အဆိုပါ ခေါက်တိုရထားခရီးစဉ်တွင် ရန်ကုန်ဘူတာကြီးမှ ဘုရားလမ်း၊ လမ်းမတော်၊ ပြည်လမ်း၊ ရှမ်းလမ်း၊ အလုံလမ်း၊ ကြည့်မြင်တိုင်၊ ဟံသာဝတီ၊ လှည်းတန်း၊ ကမာရွတ်၊ သီရိမြိုင်၊ အုတ်ကျင်း၊ သမိုင်း၊ သမိုင်းမြို့သစ်၊ ကြို့ကုန်း၊ အင်းစိန်၊ တညင်းကုန်း၊ လှော်ကား၊ မှော်ဘီ၊ ဝါးနက်ချောင်း၊ နပန်းဆု၊ ထူးကြီး၊ ပိတောက်တန်း၊ တိုက်ကြီး၊ သနပ်ချောင်း၊ ဖလုံ၊ ဥက္ကံဘူတာတို့မှ ခရီးသွားတို့ကို ပို့ဆောင်ပေးလျက်ရှိပြီး ရန်ကုန်-ဥက္ကံ ၆၅ အဆန်နှင့် ဥက္ကံ-ရန်ကုန် ၆၆ အစုန် ရထားတွဲဆိုင်း ၅ တွဲဖြင့် ခေါက်တိုရထားတစ်ရက်တစ်ကြိမ် ပြေးဆွဲသည်။
ရန်ကုန်ဘူတာကြီးမှ ဥက္ကံဘူတာသို့ ရထားလမ်းအတိုင်းအတာဖြင့် ၅၆ မိုင် ၅ ဖာလုံရှိပြီး ဘူတာစဉ်ပေါင်း ၂၆ ဘူတာတွင် ခရီးသွားအများဆုံး စီးနင်းသောဘူတာမှာ ရန်ကုန်ဘူတာကြီး၊ လှော်ကား၊ မှော်ဘီနှင့် တိုက်ကြီးဘူတာတို့ဖြစ်ကြောင်း၊ ခရီးစဥ် အစ၊အဆုံး စီးနင်းချိန် ၃ နာရီခွဲရှိပြီး အဆိုပါခေါက်တိုရထားမှာ ရုံးတက်၊ ရုံးဆင်းဝန်ထမ်းတို့အတွက် အဆင်ပြေစေသည့်အပြင် ကုန်စည်စီးဆင်းမှုအတွက် အချိန်တွက်ချက်သွားလာနိုင်ကြောင်း၊ မြန်မာ့မီးရထားမှ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲ၌ ရန်ကုန်ဘူတာကြီးမှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ဥက္ကံဘူတာမှ ဖေဖော်ဝါရီ ၅ ရက် နံက် ၆ နာရီတွင် ရန်ကုန်ဘူတာကြီးသို့ ပြန်လည်ပြေးဆွဲခဲ့ရာ အများပြည်သူ သွားလာရေး အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ- သန်းစိုး


