စစ်ကိုင်း၊ ၈ ဖေဖော်ဝါရီ

 

စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာတင်နှင့် ဖူးမြော်ကြည်ညိုခွင့် ပြန်လည်စတင်ဖွင့်လှစ်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်၊ နံနက် ၅ နာရီခွဲက စေတီတော်ကြီး၏ မြောက်ဘက်မုခ်၌ ကျင်းပခဲ့ပြီး နံနက် ၆ နာရီတွင် စစ်ကိုင်းမြို့တွင်းနှင့် တောင်ပေါ်ရှိ စေတီပုထိုးများအား ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရဟန်းရှင်လူ ပြည်သူများ ဘုရားဖူးမြော်ကြည်ညိုခွင့် ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အမှူးပြုသော ပင့်သံဃာ(၂၀)ပါးတို့က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၈)ပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် နံနက်(၆)နာရီမှ (၁၀)နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ(၁)နာရီမှ ညနေ(၆)နာရီအထိ တစ်ကြိမ် အချိန်ပိုင်းများဖြင့်ပေးထားကာ တစ်ကြိမ်လျှင် လူဦးရေ (၅၀)ဦး ဖူးမြော်ချိန် (၃၀)မိနစ် ခွင့်ပြုပေးထားကြောင်း ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းထံမှ သိရသည်။

 

အလားတူ စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကိုလည်း ဖေဖော်ဝါရီ(၈)ရက်၊ နံနက်(၈)နာရီမှ (၁၁)နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ(၁)နာရီမှ ညနေ(၅)နာရီအထိ တစ်ကြိမ် ရဟန်းရှင်လူပြည်သူများ ဖူးမြော်နိုင်ပြီဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

 

စစ်ကိုင်း(ခရိုင် ပြန်/ဆက်)