mdn

နေပြည်တော် ၁ဝ  ဖေဖော်ဝါရီ

 

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ( ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ( ဥပဒေပုဒ်မ -၁၄၄ ကို ထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေးတာဝန်များကို နေ့ညမပြတ် ဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အတွင်း ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးယာဉ်များ ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါ  ဒဏ်ရာရရှိသူများအား မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့များရှိ တပ်မတော်ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။

 

ထိခိုက်ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင်များအနက် ရဲအရာရှိတစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဦးခေါင်းရိုးအတွင်း သွေးခဲခြင်းဒဏ်ရာဖြင့် ပြင်ဦးလွင် တပ်မတော်ဆေးရုံ အရေးပေါ်ဌာနတွင် အထူး ကြပ်မတ်ကုသမှုခံယူလျက်ရှိကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရောက်ရှိနေကြောင်း သိရှိရသည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် တိုင်းပြည်အပေါ်သစ္စာရှိသည့် နိုင်ငံ့ဝန်ထမ်း ကောင်းတစ်ဦး ဆုံးရှုံးမှုမရှိစေရေး နေ့ညမပြတ် ကြိုးပမ်းကုသပေးလျက်ရှိသည်။

 

နိုင်ငံအဝန်း၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိရာ အေးချမ်းစွာဆန္ဒထုတ်ဖော်သူများရှိသကဲ့သို့ ဆူပူအကြမ်း ဖက်မှုဖြစ်အောင်လှုံ့ဆော်နေသည့် အဖျက်အမှောင့်သမားများလည်း ပါဝင်နေသည့်အတွက် မိဘပြည်သူများ အနေဖြင့် သတိပြုကြရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

 

သတင်းစဉ်