ဝန်းသို၊ ၁၁ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်သိုမြို့နယ်၊ ချမ်းမြသီတာကျေးရွာတွင် ကျေးလက်နေ အိမ်ခြေ (၁၀၆)အိမ်၊ လူဦးရေ (၆၆၆)ဦးတို့ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လေးလက်မ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြသီတာကျေးရွာတွင် ရေသိုလှောင်ရန် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းကို ယခင်နှစ်ဘတ်ဂျက်များဖြင့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ယခုစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုဘတ်ဂျက်(မွမ်းမံ) ရန်ပုံငွေမှ တင်ဒါအောင်မြင်ငွေကျပ် (၁၀ ဒသမ ၂၀)သန်းဖြင့် သိန်းသန်းရတီကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ ရေရရှိရေးလုပ်ငန်းကို ခပ်ချိုကျေးရွာ၊ ဒုန်းဒုတ်ကျေးရွာ၊ ချမ်းမြသီတာကျေးရွာ၊ နောင်ကွင်းကျေးရွာ၊ ကျူတောကျေးရွာ၊ အင်းပုဒ်ကုန်းကျေးရွာနှင့် မြိုင်ဇေယျာကျေးရွာ စသည့် ကျေးရွာပေါင်း (၇)ရွာတို့တွင် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက် တင်ဒါအောင်မြင်ငွေကျပ် စုစုပေါင်း (၇၅)သန်းဖြင့် သက်ဆိုင်ရာကုမ္ပဏီများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


