ရန်ကုန် မေ ၆
မေ ၃ ရက်မှ ၅ ရက်အထိ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကျင်းပသည့် PGA WORKS Collegiate Championship Women's Individual ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ဂေါက်သီးရိုက် အားကစားမယ် ဖူးပွင့်ရတီခိုင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် ပြိုင်ပွဲပထမနေ့တွင် ၇၅ ချက်၊ ဒုတိယနေ့ ၆၇ ချက်၊ တတိယနေ့ ၇၆ ချက်ဖြင့် သုံးရက်ပေါင်း စုစုပေါင်း ရိုက်ချက် ၂၁၈ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက် ပိုရိုက်ကာ ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ ခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲကို ဂေါက်ကွင်းနှစ်ကွင်း၌ ပြုလုပ်ခြင်းဖြစ်ပြီး ပထမနေ့နှင့် တတိယနေ့ကို TPC Sawgrass Stadium နှင့် ဒုတိယနေ့ကို Valley Courses ၌ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
ယခုပြိုင်ပွဲတွင် PGA WORKS Collegiate မှ အမေရိကန်နိုင်ငံရှိ ဖိတ်ကြားထားသော တက္ကသိုလ်များမှ ဂေါက်သီးရိုက်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပညာသင်ကြားနေ
မြန်မာ့လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမားတစ်ဦးဖြစ်သည့် ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) ၌ ပညာသင်ကြားနေသော ကျောင်းသူ တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်လည်း CAA Women's Golf Championship ပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဖူးပွင့်ရတီခိုင်သည် symetra Tour ပြိုင်ပွဲအား လက်ရည်စစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စရာမလိုဘဲ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်