နေပြည်တော်  မေ  ၆

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မ ရရှိစေရေးအတွက် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။

အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင် ရေးနှင့် လေကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့သည် မေ ၄ ရက် နံနက် ၈ နာရီတွင် မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေး သည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိလက်ဝှေ့ အားကစားရုံတွင် လက်ရွေးစင်လက်ဝှေ့ အားကစားသမားများ လေ့ကျင့်ကစားနေမှုများကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်း လက်ရွေးစင်ပြေးခုန်ပစ် အားကစားသမား များ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးဘောလုံးကွင်း(၃)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်ကစားနေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ လေ့ကျင့်ရေးဝတ်စုံ၊ လေ့ကျင့်ရေး အထောက်အကူပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ဝဏ္ဏသိဒ္ဓိ အလေးမအားကစားရုံတွင် လက်ရွေးစင် အလေးမ အားကစားသမား များ လေ့ကျင့်ကစားနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အဖွဲ့သည် အားကစားသမားများ လေ့ကျင့် ကစားနေမှုများကို လည်းကောင်း၊ အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိပိုက်ကျော်ခြင်းအားကစားရုံ၌ လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ လေ့ကျင့် ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လက်ရွေးစင်အမျိုးသား ဘော်လီဘော အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ နေပြည်တော် မြားပစ်အားကစား ကွင်းတွင် လက်ရွေးစင်မြားပစ် အားကစားသမားများ လေ့ကျင့်ပစ်ခတ်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် စိတ်ဓာတ်မြှင့်တင်အားပေးကာ အားကစားသမားများ လေ့ကျင့်ရန် လိုအပ်လျက်ရှိသော လေ့ကျင့်ရေး အထောက်အကူပစ္စည်းများ၊ အခြားအုပ်ချုပ်မှုကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

နံနက် ၁၁ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာ၌ မြန်မာ့လက်ရွေးစင် အားကစားသမားများ နေ့လယ်စာ စားသုံးနေမှုများနှင့် ညစာချက်ပြုတ်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

သတင်းစဉ်